Pages

Monday, November 3, 2014

ရွှေ့ပြောင်းလုပ်သားများ အတွက် မျှော်လင့်ချက်


ရွှေ့ပြောင်းလုပ်သားများ အတွက် မျှော်လင့်ချက်

လူတို့တွင် မိမိတို့နေထိုင် လုပ်ကိုင် စားသောက်ရာ ပတ်ဝန်းကျင်ထက် ပိုမိုသာလွန် ကောင်းမွန်သည့် နေရာ၊ ဒေသ၊ မြို့ရွာ၊ နိုင်ငံများ ရှိမည်ဟု မျှော်လင့်ချက် ထားကြသည်။ ထိုကဲ့သိုသော မျှော်လင့်ချက်ဖြင့် အခြားသော နေရာဒေသ ပတ်ဝန်းကျင် အသစ်များသို့ သွားရောက် နေထိုင် လုပ်ကိုင် စားသောက်ကြသည်။

နိုင်ငံခြား စကားပုံတွင် ''ခြံစည်းရိုး တစ်ဖက်မှ မြက်ခင်းလေးများ ပိုမို စိမ်းနေလေမလား'' ( The grass is always green on the other side of the face.) ဟု ဆိုထား သကဲ့သို့ မြန်မာ စကားပုံတွင် ''တစ်ရွာမပြောင်း သူကောင်းမဖြစ်'' ဟု ဆိုထားသည်။

အကြောင်းမှာ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ ရရှိသော လုပ်ခလစာ နှင့် အဆပေါင်း များစွာ ကြီးမြင့်လာသည့် နေထိုင် စားသောက်မှု တို့အကြား ကြီးမားသော လိုအပ်ချက် များကြောင့် ဖြစ်သည်။ ထို့ကြောင့် အနာဂတ် မိသားစုဘဝ ရှင်သန်ရပ်တည် ရေးသည် ကြီးမားသော စိန်ခေါ်မှုများ နှင့် ရင်ဆိုင် ရပ်တည်ရမည့် အခြေအနေ တို့ကြောင့် အိမ်နီးချင်း နိုင်ငံများမှအစ အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိကနှင့် နိုင်ငံအများစု တို့တွင် ရွှေ့ပြောင်း လုပ်သား (Migration Workers) အဖြစ်ခံယူကာ မိသားစု ဝမ်းရေးအတွက် လုပ်ငန်းကဏ္ဍ အစုံတွင် ဝင်ရောက် အလုပ်လုပ်ကိုင် ကြသူ များပြားလာသည်။

သွားရောက် အလုပ်လုပ်ကိုင် နေသော ရွှေ့ပြောင်း လုပ်သားများတွင် အရေအတွက် အများဆုံး နှင့် အခြေခံ အကျဆုံး လုပ်သားများ ဖြစ်သည့် အိမ်ဖော်၊ စက်ရုံ၊ အလုပ်ရုံ၊ ရေလုပ်ငန်း နှင့် အခြား လုပ်ငန်းများတွင် လုပ်ကိုင်နေသူ များမှ အစပြု၍ ဆရာဝန်၊ အင်ဂျင်နီယာ နှင့် အခြား ဘာသာရပ် အလိုက် အသိပညာရှင်၊ အတတ်ပညာရှင် များအနေဖြင့် နေထိုင်လုပ်ကိုင် ဆောင်ရွက်မှုတွင် အခက်အခဲ မရှိ နိုင်သော်လည်း အခြေခံ အလုပ်သမားများ အနေဖြင့် ရသင့်ရထိုက် သော လုပ်ခလစာ မရကြသည့် အပြင် လုပ်ငန်းခွင် အန္တရာယ် လုံခြုံစိတ်ချ ရမှုမရှိသည့် အခြေအနေ များလည်း ရှိသည်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများဆုံး သွားရောက် လုပ်ကိုင်လျက် ရှိသော ထိုင်းနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်မှစ၍ အလုပ်သမား သံတမန် ( Labour Attach ) တစ်ဦးကို ထိုင်းနိုင်ငံတွင် ထားရှိပြီး အလုပ်သမား ရေးရာ ကိစ္စများ ဆောင်ရွက် စေခြင်း၊ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ အထိ အလုပ်သမား တစ်သန်း ခြောက်သိန်း ကျော်အား ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးခြင်း တို့ကို ဆောင်ရွက် ပေးခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ယခုအခါ ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေး ဆုံးရှုံးမှုများ၊ ရသင့် ရထိုက်သော အကျိုးခံစားခွင့်များ၊ အကာအကွယ် ပေးမှုများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နှင့် နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သားများ နှင့် တန်းတူ ရင်ပေါင်တန်း နိုင်ရန် ရည်ရွယ်၍ အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမား သမဂ္ဂ ( IOM ) ၏ အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်၍ ရွှေ့ပြောင်း အလုပ်သမား အရေးကိစ္စကို ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

သို့ဖြစ်ရာ ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ကုမ္ပဏီ ( Oversea Employment Agency ) များအနေဖြင့် ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် မည့် ရွှေ့ပြောင်း အလုပ်သမား များကို ပို့ဆောင်ကြ ရာတွင် ရောင်းကုန်များ ကဲ့သို့ သဘော မထားဘဲ အကျိုးတူ လုပ်ဖော် ကိုင်ဖက်၊ စီးပွားဖက်များ ကဲ့သို့ စိတ်စေတနာ အမှန်ဖြင့် လူသားချင်း စာနာ ထောက်ထားရန် နှင့် နိုင်ငံသားချင်း စေတနာ ထား၍ အထူးဂရုပြု ဝန်ဆောင်မှု ပေးကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment