Pages

Friday, November 21, 2014

ပြည်ပအကြိုက် အဝယ်လိုက်နေသော ဟင်္သာကျောက်များ တူးဖော်မှုခက် သလောက် ဈေးကောင်းမရ


 မောက်သရက် ကျေးရွာအနီးမှ ထွက်ရှိသော ဒေသအခေါ် ဟင်္သာကျောက် များ

စစ်ကိုင်း ၊ ၂၁-၁၁-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် မြို့နယ် အရှေ့မြောက်ဘက် အင်ကြင်းတောင် သစ်တောကြိုးဝိုင်း အနောက် မြောက်ဘက် မောက်သရက် ကျေးရွာအနီးမှ ထွက်ရှိသော ဒေသအခေါ် ဟင်္သာကျောက် များသည် ပြည်ပ ဈေးကွက်တွင် အကြိုက်တွေ့ ၍ အဝယ်များ လိုက် နေသော်လည်း တူးဖော်မှု ခက်ခဲသလောက် ပြန်လည် ရောင်းချကြသည့် အခါ ထိုက်တန်သည့် ဈေးနှုန်းများ မရရှိကြောင်း ကျောက် တူးဖော်သည့် ဒေသခံ ပြည်သူ တစ်ဦးက ''ကျောက်လာဝယ်ယူ သူတွေက ကျောက် တစ်ပိဿာကို ၁ဝဝ ကျပ်လောက်ပဲ ပေးတယ်။ ကျောက်တူးဖော် ရတာကတော့ အရမ်းခက်ခဲ ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ ဟင်္သာကျောက် များသည် ဘူမိဗေဒပညာရှင် များ၏ လေ့လာ ဆန်းစစ်ချက်များ အရ ဒြပ်စင်လေးမျိုး ပါဝင်လျက် ရှိကြောင်း၊ ယင်းကျောက် များသည် အရောင်အသွေး အားဖြင့် အုန်းမှုတ်ခွံရောင် ရှိပြီး အချို့သော
ကျောက်သား များသည် Crystal ဟု ခေါ်သော ငွေရောင် ဝင်းလက်လက် အရာလေးများ ပါဝင်နေကြောင်း သိရသည်။ ထို့ကြောင့် တရုတ် ကျောက်ဆစ် ပညာရှင်များက ဟင်္သာကျောက် များကို အလှဆင်ကျောက် များအဖြစ် ထုဆစ်ရောင်းချ လေ့ရှိကြောင်း မုံရွာ အခြေစိုက် ကျောက်ဆစ် ပညာရှင် တစ်ဦးထံမှ သိရသည်။

''ဟင်္သာကျောက် က တူးရတာ မလွယ်ဘူး။ မိသားစု တစ်စုလုံး တစ်နေကုန် တူးရင်တောင် အချိန်သုံး၊ လေးဆယ် လောက်ပဲရတယ်။ အဲဒီ ကျောက်တွေကို တရုတ်ဝယ်လက် တွေက မကြာမကြာ လာပြီး ဝယ်ပါတယ်။ ဈေးနှုန်းတိုးမြှင့် ပေးတာတော့ မရှိဘူး ... '' ဟု မောက်သရက် ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောသည်။

ဟင်္သာကျောက် များအား မြန်မာ့ ကျောက်ဆစ်ပညာရှင်အချို့၏ အခေါ်အရ တောင်ဦးကျောက် ဟုလည်း ခေါ်သည်။ ၄င်း ကျောက်များသည် မြန်မာနိုင်ငံ၏ နေရာ အချို့သာ ထွက်ရှိပြီး မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ် မောက်သရက် ကျေးရွာ အနီးဝန်းကျင် နေရာများ တွင်သာ ထွက်ရှိကြောင်း မုံရွာတက္ကသိုလ် ၌ တာဝန် ထမ်းဆောင် နေသည့် ဘူမိဗေဒ ပညာရှင် တစ်ဦးထံ မှ သိရသည်။(၄၅၁)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment