Pages

Monday, November 10, 2014

အောင်မြင်လိုသူတို့ ထားရှိရမည့် စိတ်ထား


အောင်မြင်လိုသူတို့ ထားရှိရမည့် စိတ်ထား

သရက်တန်းစိုးရွှေ (စိတ်ပညာ)

ဘဝတစ်ခု ရခြင်းကိုက ထိုဘဝကို ထုဆစ် ပုံဖော်ရေး အတွက် တာဝန်တစ်ခု ပေးအပ် လိုက်ခြင်းပင် ဖြစ်သည်။ လူဆိုသည်မှာ တာဝန်နှင့် ကင်းသည်ဟူ၍ မရှိလှပါချေ။ ဘဝတာဝန်၊ လူမှုတာဝန်၊ မိသားစုတာဝန်၊ တိုင်းပြည်၏ တာဝန်တို့ကို ထမ်းဆောင်ကြ ရပေသည်။ တာဝန်သိ သူတိုင်း တာဝန်ရှိ၍ တာဝန်ရှိ သူတိုင်း တာဝန်ကျေပွန် ဖို့ လိုအပ် မြဲပင် ဖြစ်သည်။

တာဝန် မကျေခြင်း၏ အခြား အဓိပ္ပာယ် မှာ သစ္စာမရှိခြင်း ပင်ဖြစ်သည်။ ကိုယ့်တာဝန် ကိုယ့်အလုပ်ကို သစ္စာရှိပါမှ တာဝန်ကျေသော၊ လူပီသသောသူ ဖြစ်လာမည် ဖြစ်သည်။ ကမ္ဘာမြေပြင် ပေါ်တွင် ရှင်သန် နေထိုင်သူများအား ကိုယ်စီကိုယ်စီ အရွယ်အလိုက် တာဝန်ပေးအပ် ကြမြဲပင် ဖြစ်ပေသည်။ တာဝန်မကျေ သမျှ အများ၏ အထင်သေးခြင်း ကို ခံရမည်ဖြစ်သည်။ လောကတွင် လူအများ အလိုမရှိသော သူများမှာ ပျင်းသူနှင့် ဖျင်းသူများပင် ဖြစ်သည်။ ပျင်းခြင်း၊ ဖျင်းခြင်းကို စွဲမြဲနေသမျှ တာဝန်ကျေပွန်မှု ရှိလာမည် မဟုတ်ပါချေ။

လူ့လောကတွင် ရောက်လာသမျှ လူသားတိုင်း မဖြစ်မနေ ပြုလုပ်ရမည့် အရာတစ်ခုမှာ ဖြစ်လာသမျှ ကို ရင်ဆိုင် ဖြတ်သန်း ရခြင်းပင် ဖြစ်သည်။ လူသားတို့အား စွမ်းရည် ရှိ၊ မရှိ စစ်ဆေးသော သင်ခန်းစာမှာ အခက်အခဲ နှင့် တွေ့ကြုံ စေခြင်းပင် ဖြစ်သည်။ သို့အတွက် အခက်အခဲ ဆိုသည်မှာ ကြောက်စရာဟု မတွေးမိအောင် ကြံဆောင်ရမည် ဖြစ်ပေသည်။

အခက်အခဲ ဟူသည် ကြောက်စရာ မဟုတ်ပါချေ။ အခက်အခဲကို မကျော်လွှားဖူး သမျှ အရည်အချင်း က ပြည့်လာမည် မဟုတ်ပါချေ။ စိတ်ပညာရှင် တို့၏ အဆိုအရ ဦးနှောက် အတွင်းသို့ ရှုပ်ထွေးသည့် အရာများ မထည့်ပါနှင့်၊ သင့် ဦးနှောက် အတွင်း စိတ်ညစ် စရာများ ဝင်လာသမျှ အခက်အခဲ ဖြေရှင်းသည့် အရည်အသွေး တို့ ကျဆင်း သွားတတ်သည် ဟုပင် ဆိုထားခဲ့ ပေသည်။

ကြုံတွေ့ လာသမျှ အခက်အခဲ များကို အကောင်းဆုံး ရင်ဆိုင်နိုင်ရေး အတွက် အချက် ၅ ချက် ရှိသည်။ ထိုအချက်များမှာ - 

  • (၁) ပြဿနာတွေ့လျှင် အဖြေရှာလိုက်ပါ။ 
  • (၂) အခက်အခဲ ဆိုလျှင် ကျော်ဖြတ် လိုက်ပါ။ 
  • (၃) စိတ်သတ္တိ အသစ်ကို မွေးလိုက်ပါ။ 
  • (၄) ပေါ့ပါး ပျော်ရွှင်စွာ အခက်အခဲကို စိန်ခေါ် ပစ်လိုက်ပါ။ 
  • (၅) ငါဟာ အခက်အခဲကို ဝါးစားနိုင်သူ ဟု ကြွေးကြော်ပစ် လိုက်ပါ စသည်တို့ပင် ဖြစ်ပေသည်။


လောကတွင် ကျရှုံးသူများ ရှိသလို အောင်မြင်သူများ လည်းရှိသည်။ အောင်မြင်သူ သည် အလုပ်နှင့် သက်သေပြ၍ လုပ်နိုင်သလောက် ပြောကာ ပြောသလောက် လုပ်တတ် ကြသည်။ ကျရှုံးသူတို့မှာ ချင့်ချိန်ဉာဏ် နည်းပါး တတ်ကြသည်။ အောင်မြင် သူတို့မှာ ချင့်ချိန်ဉာဏ် ကောင်း၍ လွယ်လွယ်လုပ်၊ လွယ်လွယ် ဆုံးဖြတ်ခြင်း မလုပ်တတ် ကြချေ။ သို့အတွက် အောင်မြင်သူ ဖြစ်စေရန် မိမိဘဝ၊ မိမိအလုပ်၊ မိမိ ကိုယ်ကျင့်တရား တို့ကို တန်ဖိုးထားကာ ကြိုးစားသင့် လှပေသည်။

ထို့ကြောင့် ဘဝခရီးတွင် အောင်မြင်မှု ရရှိရေးအတွက် ခိုင်မာ တိကျသည့် ရည်ရွယ်ချက် ရှိရမည်။ စိတ်ဝင်စားမှု၊ ပျော်ရွှင်မှု ရှိရမည်။ စိတ်ပါသော၊ သွက်လက်သော လှုပ်ရှားမှု ရှိရမည်။ မိမိ လုပ်ကိုင်သည့် လုပ်ငန်း၏ တန်ဖိုးကို နားလည်ကြ ရမည်။ ဒီလုပ်ငန်း ကြီးပွားရမည် ဟု ခံယူရင်း ကြိုးစားသင့် လှပါပေကြောင်း ရေးသား တင်ပြလိုက် ရပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment