Pages

Sunday, November 30, 2014

ပတ်ဝန်းကျင်လောက ကို ကျေးဇူးဆပ်ရာတွင်


ပတ်ဝန်းကျင်လောက ကို ကျေးဇူးဆပ်ရာတွင်

လူတို့သည် အတ္တစိတ် လွန်ကဲတတ် သကဲ့သို့ မာန ထောင်လွှားမှုအရာတွင်လည်း လွန်ကျူးလေ့ ရှိသည်။ အတ္တကြီး သူတို့သည် အာဃာတ ပြင်းထန်လေ့ ရှိသည်။ ဆရာကောင်း တပည့် မဟုတ်သူတို့ သည်လည်း မာနတံခွန် ထူလေ့ ရှိတတ် ကြသည်။ မည်သည့် အရာမဆို အလွန်အကျွံ ဖြစ်တည်မှု တို့သည် လောက ကိုလည်း ကောင်းကျိုးမပြု၊ မိမိ ကိုယ်တိုင်လည်း ကောင်းကျိုး ခံစားရလေ့ မရှိပေ။

လူ့လောကတွင် လူဖြစ်လာ ရခြင်း၏ တာဝန်မှာ မိမိအပေါ် ကျေးဇူးရှိသည့် ပတ်ဝန်းကျင် လောကကို ကျေးဇူးပြုခြင်း၊ သိခြင်း နှင့် တတ်နိုင် သရွေ့ကျေးဇူးဆပ်ခြင်း ပင် ဖြစ်သည်။ ယင်းသည် ပါရမီ ဖြစ်သည်။ ဝိဋဋူဘ သည် ပါရမီရှိသူ မဟုတ်။ မိမိပြုသမျှ ကောင်းသည် ထင်၏။ တရားသည် ထင်၏။ မိမိ၏ ကျေးဇူးရှင်မှာ လောက မဟုတ်ဘဲ မိမိကသာ လောက၏ ကျေးဇူးရှင် အဖြစ် ခံယူထား၏။

ထို့ကြောင့် အာဃာတ ကြီးမားစွာဖြင့် အခွင့်သာစဉ် ခမည်းတော် ကောသလ မင်းကြီးကို နန်းချ၍ သာကီဝင် မင်းများကို သတ်၏။ ထိုသို့ သတ်ဖြတ်ပြီး အပြန် အစိရဝတီမြစ် သဲသောင်ပြင် တွင် သစ်ခက်တဲနန်း ဆောက်၍စံ၏။ အတိတ် အကုသိုလ်ကံ ကြီးသူဖြစ်၍ အိပ်ပျော် နေစဉ် မိုးကြီး သည်းထန်စွာ ရွာ၍ အစိရဝတီ မြစ်ရေနှင့် မျောပါ သေဆုံးရ လေသည်။

ဤ ဝိဋဋူဘ သေရခြင်းသည် မည်သူ့ကြောင့် မျှမဟုတ်၊ သူပြုခဲ့သည့် အတ္တမာန နှင့် အာဃာတ များကြောင့် သေရခြင်း ဖြစ်သည်။ ပုထုဇဉ် လူသားတို့သည် အတ္တကြီးသူ များဖြစ်၏။ မာနထောင်လွှား တတ်ကြ၏။ ဤသို့ မကင်းလွတ် နိုင်ကြ သေးသော်လည်း အတ္တဖြစ်လျှင် အတ္တဖြစ်မှန်း သိအောင်၊ မာနဖြစ်လျှင် မာနဖြစ်မှန်း သိအောင် အားထုတ် သင့်သည်။

ထိုသို့ သိခြင်းသည် ယထာဘူတ ဉာဏ်ဖြစ်သည်ဟု ဆိုသည်။ ယထာဘူတ ဉာဏ်ဟူသည် ကုသိုလ် ဖြစ်၏။ ကုသိုလ်ဖြစ်လျှင် ကောင်းကျိုး ပေးသည်။ ထို့ကြောင့် လောကလူသား တို့သည် နေ့စဉ်နှင့် အမျှ သတိသမ္ပဇဉ် နှင့် ယှဉ်၍ မိမိတို့၏ အတ္တမာန များကို လျှော့ချ သင့်၏။ အမုန်း အာဃာတ တရားများ ကိုလည်း ကျေနိုင်သမျှ သင်ပုန်းချေ ကြရမည် ဖြစ်သည်။

ထို့ပြင် အားကြီးသည် ဟူ၍ အားနည်းသူကို အနိုင် မကျင့်ရန်၊ မိမိ အဆွေအမျိုးကို မပျက်စီး စေရန် မိမိတို့၏ စိတ်ကို လေ့ကျင့်ရမည် ဖြစ်သည်။ မိမိကို ကောင်းကျိုး ပြုသော ပတ်ဝန်းကျင် နေထိုင်ရာ ဒေသကို ကျေးဇူးဆပ် ရမည်ဖြစ်သည်။ မိမိတို့ မှီတင်းနေထိုင်ရာ ဒေသပုဂ္ဂိုလ်ကို ကျေးဇူးကန်းမှု မဖြစ်စေဘဲ ကျေးဇူးဆပ် နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

ထိုသို့ လူအားလုံး သတိသမ္ပဇဉ် ဖြင့် ကျင့်ကြံနေထိုင် နိုင်မည်ဆိုပါက ပြည်ရွာ အေးငြိမ်း နိုင်၏။ သာယာဝပြော စည်ပင်နိုင်၏။ ထို့ကြောင့် အတ္တကို လျှော့၊ မာနကို လျှော့၍ အာဃာတ တရားကို ပယ်ရှားကာ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင် လောကကို တတ်စွမ်းသမျှ ကျေးဇူးဆပ် သွားကြ ရမည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment