Pages

Tuesday, November 18, 2014

လုပ်ငန်းအောင်မြင်ရေး စနစ်တကျ ကြိုးပမ်းဖော်ဆောင်


လုပ်ငန်းအောင်မြင်ရေး စနစ်တကျ ကြိုးပမ်းဖော်ဆောင်

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး တို့ကို အပူပိုင်းဒေသ မိုးနည်းရေရှား ရပ်ဝန်းဟု ခေါ်သည်။ ထို တိုင်းဒေသကြီး များသည် တောတောင်များ ပြုန်းတီး လာသည်နှင့် အမျှ မိုးခေါင်မှုလည်း တစ်နှစ်ထက် တစ်နှစ် ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည်။ သုံးနှစ် တစ်နှစ်ခန့်သာ မိုးမှန် သောကြောင့် မိုးကို အမှီပြု လုပ်ကိုင်ကြသော ထိုဒေသနေ တောင်သူများ၏ စီးပွားရေးမှာ ကျဆင်း၍ လူမှုဘဝ တဖြည်းဖြည်း နိမ့်ကျခဲ့ ရသည်။

ထို့ကြောင့် ရွှေကိုမလို ရေကိုသာ လိုသော ထိုဒေသများ အတွက် စိုက်ပျိုးရေ အလုံအလောက် ရရှိနိုင်ရေး နိုင်ငံတော်မှ စီမံချက်များ ချမှတ်၍ ဆောင်ရွက်ပေး ခဲ့ရသည်။ စိုက်ပျိုးရေ အလုံအလောက် ရရှိမည် ဆိုပါက လယ်ယာ လုပ်ငန်းများအဆင်ပြေ၍ ဒေသခံ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့် အတွက် ဦးစားပေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစားပေး အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ရေး အတွက် အပူပိုင်းမိုးနည်း ရပ်ဝန်းနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် များ ပါဝင်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှ အပူပိုင်းမိုးနည်း ရပ်ဝန်း၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို တာဝန် ပေးအပ်ပြီး စီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက် ရှိနေသည်။

ထို့ကြောင့် အညာကျေးလက် အပူပိုင်း မိုးနည်းရေရှား ဒေသ၌ နိုင်ငံတော် အကူအညီဖြင့် စိုက်ပျိုးရေ ရရှိလာပြီ ဖြစ်သောကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက် ဆောင်ရွက် လာနိုင်ပြီ ဖြစ်သည်။ စိုက်ပျိုးရေးအတွက် လိုအပ်နေသော ရေရရှိရေး စီမံကိန်း များ ဒေသအနှံ့ ပေါ်ထွန်း လာသည်နှင့်အမျှ စိုက်ပျိုး၊ မွေးမြူရေး သာမက အခြား စီးပွားရေး လုပ်ငန်း များလည်း တိုးတက်လာမည် ဖြစ်သည်။

ထိုသို့ နိုင်ငံတော်၏ နိုင်ငံအနှံ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ ဖော်ဆောင်မှု တစ်ခုဖြစ်သည့် စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်ချက် များကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင် အဆင်ပြေ လာသော်လည်း ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာရေး အတွက် ငွေကြေး အရင်းအနှီး အလုံအလောက် ထုတ်ချေးပေးရေး ကိုလည်း စနစ်တကျ ဖော်ဆောင် သွားရမည် ဖြစ်သည်။

နိုင်ငံတော် လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသော ကျေးလက် ဒေသနေ ပြည်သူများ အတွက် လူမှုစီးပွားဘဝ တိုးတက် လာစေရန် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ အတွက် ချေးငွေများ၊ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းများ အတွက် ချေးငွေများကို စနစ်တကျ သက်ဆိုင်ရာ ဌာနများမှ စိစစ် ထုတ်ချေး ပေးလျက် ရှိသည်။ ကျေးလက်နေ ပြည်သူများ အတွက် လိုအပ်သည့် ငွေကြေး အရင်းအနှီး ရရှိနိုင်ရေး ထုတ်ချေး ပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ ကျေးလက် ဒေသနေ ပြည်သူများ အတွက် စိုက်ပျိုးရေ ရရှိရေး၊ လျှပ်စစ်မီး လင်းရေး၊ ပညာ သင်ကြားနိုင်ရေး စသည့် အခြေအနေ အခွင့်အလမ်း များကို နိုင်ငံတော်မှ စီစဉ် ဖော်ဆောင် ပေးပြီး လိုအပ်သည့် အရင်းအနှီးများ ထုတ်ပေး နေချိန်တွင် ကျေးလက်နေ ပြည်သူများ အနေဖြင့်လည်း မိမိတို့ လုပ်ငန်းကို စနစ်တကျ ကြိုးပမ်း ဖော်ဆောင်ကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment