Pages

Thursday, November 20, 2014

ရန်ကုန်တက္ကသိုလ် နှင့် တောင်ကိုရီးယားနိုင်ငံ ဂျေဂျူးတက္ကသိုလ် တို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်မည်



ရန်ကုန် ၊ ၂၀-၁၁-၂၀၁၄

ရန်ကုန်တက္ကသိုလ် နှင့် တောင်ကိုရီးယား နိုင်ငံရှိ ဂျေဂျူးတက္ကသိုလ် တို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ အပြန်အလှန် ကူးလူးကာ ပညာသင်ကြား ပို့ချခြင်း၊ အတွေးသစ်၊ အမြင်သစ်များ ဖလှယ်ခြင်း နှင့် သုတေသန လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ခြင်း စသည်တို့ကို ပြုလုပ် ဆောင်ရွက်နိုင် စေရန် သက်ဆိုင်ရာ တက္ကသိုလ် နှစ်ခုမှ တာဝန်ရှိ သူများသည် နားလည်မှု စာချွန်လွှာကို လွန်ခဲ့သော ရက်ပိုင်းက လက်မှတ် ရေးထိုး ခဲ့ကြကြောင်း သိရသည်။

ယင်း တက္ကသိုလ် နှစ်ခုအကြား ပညာရေး ပူးပေါင်း ဆောင်ရွက်သော အခါ ကျောင်းသား၊ ကျောင်းသူများ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားရောက်ကာ ပညာသင်ယူခြင်း၊ ဆရာ၊ ဆရာမများ အပြန်အလှန် သွားရောက် ပညာသင်ကြား ပို့ချခြင်း၊ အတွေ့အကြုံများ အပေါ် အခြေခံသည့် အတွေးအခေါ် သစ်များ အပြန်အလှန် မျှဝေခြင်းနှင့် ပညာရေးဆိုင်ရာ သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင် ကြမည်ဖြစ်ရာ နိုင်ငံတကာ ပညာရေးနှင့် ပတ်သက်၍ လေ့လာဆည်းပူး နိုင်သော အခွင့်အလမ်း ကောင်းများ ရရှိလာမည် ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ပညာရေးကဏ္ဍ အဆင့်အတန်း မြှင့်တင်ရာတွင် လည်း တစ်ဖက်တစ်လမ်း မှ အထောက်အကူ ဖြစ်စေ နိုင်ကြောင်း ရန်ကုန်တက္ကသိုလ် မှ ပါမောက္ခတစ်ဦး က ပြောသည်။

ရန်ကုန် တက္ကသိုလ် အနေဖြင့် တောင်ကိုရီးယား နိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်များ ဖြစ်သည့် Chonnam National University, Chung Ang University, Hanyang University, Korea Research Institute of Bioscience and Biotechnology, Korea Foundation for Advanced Studies စသည်တို့နှင့် လည်း ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

ထို့အပြင် အခြားသော နိုင်ငံကြီးများမှ တက္ကသိုလ်အချို့ နှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ (MoU) များ လက်မှတ်ရေးထိုး ထားကာ ယခု ရန်ကုန် တက္ကသိုလ် နှင့် ဂျေဂျူး တက္ကသိုလ် တို့အကြား လက်မှတ် ရေးထိုးခြင်းမှာ အကြိမ်(၂ဝ) မြောက် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment