Pages

Monday, November 24, 2014

အစိမ်းရောင်စွမ်းအင်သုံး လျှပ်စစ် မော်တော်ယာဉ်များ စတင် အသုံးပြု



လော့စ်အိန်ဂျလိစ် ၊ ၂၄-၁၁-၂၀၁၄

အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ပြည်နယ် ၊ လော့စ်အိန်ဂျလိစ် လေတပ်စခန်းတွင် လျှပ်စစ် ဓာတ်အားသုံး ဆီဒင် အမျိုးအစား ထရပ်ကား နှင့် ဗင်ကား ၄၂ စီးကို စတင် အသုံးပြုနေပြီး အနာဂတ်တွင် အစိမ်းရောင် စွမ်းအင် ကို တွင်ကျယ်စွာ အသုံးပြုနိုင်မည့် အစအဖြစ် သတ်မှတ် လက်ခံထားကြောင်း သိရသည်။

ဤ လျှပ်စစ် မော်တော်ယာဉ် များကို လျှပ်စစ် ဓာတ်အားဖြင့် အားသွင်းနိုင် သကဲ့သို့ လျှပ်စစ် လိုအပ်သော နေရာများ တွင်လည်း ဤ မော်တော်ယာဉ် များက လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်မည် ဖြစ်ပြီး ယာဉ်မှ လျှပ်စစ် ဓာတ်အားပေး လိုင်းသို့ဟု အဓိပ္ပာယ်ရသော Vehicle to Grid - V2G နည်းပညာဟု အမည်ပေး ထားသည်။

ဖော်ပြပါကား ၄၂ စီးဖြင့် လျှပ်စစ် ကီလိုဝပ် ၇ဝဝ ထက်မနည်း ထုတ်ပေးနိုင်မည် ဖြစ်ပြီး ၄င်း လျှပ်စစ်ဓာတ်အား မှာလည်း အိမ်ခြေ ၁၄ဝ ခန့် အသုံးပြုနိုင်ရန် လုံလောက်သည့် ပမာဏ ဖြစ်သည်။ ဟိုက်ဘရစ် လျှပ်စစ် မော်တော်ယာဉ် များထက် သာသည့် အချက်မှာ ဟိုက်ဘရစ်သည် ဘက်ထရီ အားသွင်း နိုင်ရန် လောင်စာဆီ လိုအပ်ခြင်း ဖြစ်သည်။ ၄င်း V2G သည် လျှပ်စစ်စွမ်းအင် သိုလှောင်ခြင်း နှင့် ထုတ်လုပ်ခြင်း နှစ်မျိုးလုံးကို ပြုလုပ်နိုင်မည် ဖြစ်သည်။

လော့စ်အိန်ဂျလိစ် လေတပ် စခန်းသုံး အထွေထွေသုံး မော်တော်ယာဉ် နေရာတွင် ဤ လျှပ်စစ်ကား များကို အသုံးပြု သွားမည် ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများက တပ်တွင်း အသုံးပြုရန် လည်းကောင်း၊ မြို့တွင်း အသုံးပြုရန် လည်းကောင်း ဖော်ပြပါ အစိမ်းရောင် စွမ်းအင်ကိုသာ အသုံးပြု သွားမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု ၌ ၁၉၉၇ ခုနှစ်တွင် ဒီလာဝဲ တက္ကသိုလ်၊ ကမ္ဘာမြေ၊ သမုဒ္ဒရာ နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပါမောက္ခ ဝီလက်ကင်ပတန် က ''မော်တော်ယာဉ် မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး သို့ '' စာတမ်းကို ဖတ်ကြား ခဲ့ပြီး နောက်ပိုင်းတွင် အစိမ်းရောင် စွမ်းအင်သုံး လျှပ်စစ် မော်တော်ယာဉ် များ တပ်ဆင် ထုတ်လုပ်ရေးကို စတင် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေမည့် လောင်စာ အသုံးပြုခြင်းကို ရပ်တန့်ရန်၊ လျှပ်စစ် စွမ်းအင်ကို သုံးလည်းသုံး၊ ထုတ်လည်း ထုတ်လုပ်ေ ပးနိုင်မည့် နည်းစနစ် တစ်ခုကို ဖန်တီးရန်၊ သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက်မှု လုံးဝမရှိသည့် အတွက် အစိမ်းရောင် စွမ်းအင်ဟု အမည်ပေးရန် ဆက်လက် ဆောင်ရွက် ခဲ့ရာမှ V2G မော်တော်ယာဉ် များ စတင် ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။

V2G နည်းပညာဖြင့် အနာဂတ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းကို များစွာ အထောက်အကူပြု သွားမည်ဖြစ်ပြီး နေစွမ်းအင်သုံး လျှပ်စစ် ဓာတ်အား၊ လေစွမ်းအင်သုံး လျှပ်စစ် ဓာတ်အား၊ ရေစွမ်းအင်သုံး လျှပ်စစ် ဓာတ်အား နှင့် V2G နည်းပညာသုံး လျှပ်စစ်ဓာတ်အား အဖြစ် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု ကင်းမဲ့စေမည့် အစိမ်းရောင် စွမ်းအင်များ ကိုသာ တွင်ကျယ်စွာ အသုံးပြု သွားနိုင် တော့မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment