Pages

Friday, November 21, 2014

ပညာရေးအရင်းအမြစ် နှင့် ကုန်ထုတ်စွမ်းအား


ပညာရေးအရင်းအမြစ် နှင့် ကုန်ထုတ်စွမ်းအား

ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မား ခြင်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပဓာနကျသော အချက်တစ်ချက် ဖြစ်သည်။ ကုန်ထုတ်စွမ်းအား မြင့်မားစေရန် ဆောင်ရွက်ခြင်း၊ ခိုင်မာသော ပြည်တွင်း၊ ပြည်ပ ဈေးကွက်ကြီးများ ဖန်တီးခြင်း နှင့် အရည်အသွေး ကောင်းပစ္စည်းများ ထုတ်လုပ်ခြင်း တို့ဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

ထိုသို့ ကုန်ထုတ် စွမ်းအားများ တိုးတက် လာစေရန် အတွက် လုပ်ငန်းခွင် နှင့် တိုက်ရိုက် ဆက်စပ်နေသော ပညာရေးသည် အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် ပညာရေးသည် လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျ ဖြစ်ကာ လုပ်ငန်းခွင်ကို အထောက်အကူ ပြုရမည် ဖြစ်သည်။

ယနေ့ နိုင်ငံအများစု ၏ ပညာရေး စနစ်သည် လုပ်ငန်းခွင်နှင့် တိုက်ရိုက် ဆက်စပ်မှု ရှိသော စနစ်မျိုး ဖြစ်သည်။ အခြေခံ မူလတန်း အဆင့် အောင်မြင်သော ကျောင်းသား တစ်ဦးသည် အရေး၊ အဖတ်၊ အတွက် တည်းဟူသော ''အ''သုံးလုံး ကျေပြီးသူ အဖြစ် မှတ်ယူကာ လုပ်ငန်းခွင်တွင် အသုံးပြု နိုင်ရမည် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ တွင် မူလတန်း အဆင့် အောင်မြင်ပြီး သူများ၊ အလယ်တန်း အဆင့် အောင်မြင်ပြီး သူများ၊ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး သူများနှင့် ဘွဲ့ရ သူများမှာ မြို့ပြများ သာမက ကျေးလက် တောရွာများ တွင်လည်း တိုးပွား လာလျက် ရှိသည်ကို တွေ့ရသည်။ ၄င်းတို့ အားလုံးသည် ကုန်ထုတ်စွမ်းအား အရင်းအမြစ်များ ဖြစ်သည်။ အဆိုပါ ကုန်ထုတ်စွမ်းအား အရင်းအမြစ် များကို လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျ အသုံးပြု နိုင်မည် ဆိုပါက ကုန်ထုတ်စွမ်းအား ကြီးမားလာမည် ဖြစ်သည်။

မူလတန်းအဆင့် အောင်မြင်ပြီး သူများ အနေဖြင့် ၄င်းတို့နှင့် သင့်လျော်သည့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင် ရမည် ဖြစ်သည်။ ထို့အတူ အလယ်တန်း၊ တက္ကသိုလ် ဝင်တန်း၊ ဘွဲ့ရ စသည်တို့သည် လည်း လိုက်လျော ညီထွေရှိမည့် လုပ်ငန်းခွင် များသို့ ဝင်ရောက်နိုင် ရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ၄င်းတို့အတွက် အလုပ်အကိုင် ဖန်တီး ပေးနိုင်သော စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပေါ်ထွန်း လာရေးပင် ဖြစ်သည်။

ယနေ့ နိုင်ငံတော် အနေဖြင့်လည်း အဆိုပါ အချက်ကို ဦးတည်ဖော်ဆောင် ပေးလျက် ရှိသည်။ အဆိုပါ ပညာရေး အရင်းအမြစ် များနှင့် လုပ်ငန်းခွင်များ ဟန်ချက်ညီညီ ချိတ်ဆက် လုပ်ကိုင်နိုင်မည် ဆိုပါက ကုန်ထုတ် စွမ်းအားများ မြင့်မားလာမည် ဖြစ်သည်။ အဆိုပါ အရင်းအမြစ် များသည် ဈေးကွက်များကို ဖန်တီး ပေးနိုင်သော၊ အရည်အသွေး ကောင်းများကို ထုတ်လုပ်နိုင်သော စွမ်းအားရှင်များ ဖြစ်သည်။ သို့သော် ထို အရင်းအမြစ် များကို စနစ်တကျ အသုံးပြု နိုင်မှုမှာ အရေးကြီးသည်။

သို့ဖြစ်ရာ ပညာရေး အဆင့်အတန်း အလိုက် အောင်မြင်ပြီးမြောက် သူများအား ၄င်းတို့နှင့် ကိုက်ညီ ထိုက်တန်သော အလုပ်များ ရရှိရန် လိုအပ်ပြီး ပညာရေး အရင်းအမြစ် များကို စနစ်တကျ အကျိုးရှိစွာ အသုံးချ သွားမည်ဆို ပါက ကုန်ထုတ်စွမ်းအား တိုးတက်လာမည် ဖြစ်သကဲ့သို့ လူတစ်ဦး ချင်းစီ၏ ဝင်ငွေလည်း မြင့်မားလာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment