Pages

Thursday, November 6, 2014

ဆောင်းသို့လု၍ ရတုသာတုန်း တန်ဆောင်မုန်း


ဆောင်းသို့လု၍ ရတုသာတုန်း တန်ဆောင်မုန်း

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် တို့သည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်အထိ သံဃာတော် တို့အား ကထိန်လျာ သင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ ကြသည်။ ကထိန်သင်္ကန်း အလှူသည် ပဒုမဘုရား နှင့် ပဒုမုတ္တ ဘုရားရှင်တို့ ပွင့်တော်မူ သည်မှစ၍ ဂေါတမ မြတ်စွာဘုရား သာသနာတော် အထိ ပြုကြသော အလှူဒါန ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူ ပြီးနောက် ဘဒ္ဒဝဂ္ဂီ ရဟန်းညီနောင် သုံးကျိပ်တို့ကို အကြောင်းပြု၍ ကထိန်သင်္ကန်း အလှူကို ဂေါတမ မြတ်စွာဘုရားက ခွင့်ပြု တော်မူခဲ့ခြင်း ဖြစ်သည်။

သင်္ကန်းလှူသော အကျိုးတရား များမှာ အဆင်းလှခြင်း၊ မြူ အညစ်အကြေး ကင်းခြင်း၊ အရောင်အဝါ ရှိခြင်း၊ တန်ခိုး အာနုဘော် ရှိခြင်း၊ သိမ်မွေ့သော ကိုယ်ရှိခြင်း၊ ဖြူသောအဝတ် ပုဆိုးရှိခြင်း၊ ရွှေသော အဝတ်ပိုဆိုး ရှိခြင်းနှင့် နီသော အဝတ်ပုဆိုး ရှိခြင်းတို့ ဖြစ်သည်။

တန်ဆောင်မုန်း လပြည့်ညတွင် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူ အပေါင်းတို့သည် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းသည့် ပွဲတော်များနှင့် သံဃာတော် များက သာမညဖလ သုတ် တရားတော်ကို ဟောကြား ကြသည်။ ဂေါတမ မြတ်စွာဘုရား သည် အဇာတသတ် မင်းအား ရဟန်းပြုခြင်း အကျိုးတရား (သာမညဖလ သုတ်) ကို ဤ တန်ဆောင်မုန်း လပြည့်နေ့တွင် ဟောကြား တော်မူခဲ့သည်။

တန်ဆောင်မုန်း လပြည့်နေ့တွင် မြန်မာတို့ ပြုကြသည့် ဒါနကုသိုလ် များ၌ ပံ့သကူပွဲလည်း တစ်ခု အပါအဝင် ဖြစ်သည်။ ဤ ပံ့သကူ အလှူဒါန ပြုကြသူများမှာ သံဃာတော်များ၊ သီလရှင်များ နှင့် လူဝတ်ကြောင် တို့ ပါဝင်ကြသည်။ ပံ့သကူ ဒါနပြုကြ ရာတွင် စားသောက် ဖွယ်ရာများ၊ အဝတ်အထည် များနှင့် အချို့က ငွေစက္ကူများပါ ထည့်၍ ညအချိန် တစ်နေရာ၌ ချထားခြင်း၊ ဘုရား၊ တန်ဆောင်း၊ ကန်၊ ကျောင်းများ အနီး၌ ချထားခြင်းဖြင့် ပုဂ္ဂိုလ်မရွေး ရထိုက်သူများ ရစေရန် လှူဒါန်းကြခြင်း ကြောင့် မြတ်သော အလှူ ဖြစ်သည်ဟု ယုံကြည်ကြ သည်။ ရှေးအခါက ပံ့သကူပစ်၍ လှူဒါန်းသူများ ပြားသောကြောင့် လူအများ ပြုကြသည်ကို အစွဲပြု၍ ပံ့သကူလ ဟူသော ပါဠိစကား မှ ပံ့သကူ ဟူသော မြန်မာ ဝေါဟာရ ဖြစ်လာသည်ဟု ရှေးဆရာကြီး များ ဆိုထားကြသည်။

မြန်မာတို့ ဓလေ့တွင် တန်ဆောင်မုန်းလ ဆေးပေါင်းခ ဆိုသည့်အတိုင်း မဲဇလီဖူးသုပ် ကို နက္ခတ်တာရာ စုံညီသော အချိန်တွင် စားသော် ပို၍ အစွမ်းထက်သည် ဟု ယုံကြည်မှုဖြင့် စားကြသည်။ တန်ဆောင်မုန်းလ ၏ ထူးခြားပုံကို ကုန်းဘောင်ခေတ် စာဆိုတော် ဖိုးသူတော် ဦးမင်း က ''လှူကထိန် သင်္ကန်းနဲ့၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်၊ သည်ချိန်ကို ဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညှာ ရင်းမှာ၊ သင်းရနံ့ကြွယ်၊ ကောင်းကင်လယ် ထက်ဝယ်ဘုံဦး၊ ရွှေလစန္ဒာနဲ့၊ ကြတ္တိကာ ကြယ်ရောင် ရွှန်းတယ်၊ ထွန်းထိန်လို့မြူး ''ဟူသော အဖွဲ့ဖြင့် တင်စားခဲ့သည်။

ထို့အပြင် စာဆိုတော် ဦးကြော့ က ''ရွှေကထိန ခဝဲနုငယ် နှင့် ပွဲတော်ပြု စည်ထက် စည်သည် ''ဟူ၍ လည်းကောင်း၊ စာဆိုတော်ရှင် ထွေးညို က ''ဆောင်းသို့လု၍ ရတုသာတုန်း တန်ဆောင်မုန်း'' ဟူ၍ လည်းကောင်း အသီးသီး ဖွဲ့ဆိုခဲ့ကြရာ တန်ဆောင်မုန်းလ သည် မြန်မာတို့အဖို့ လောကီနှင့် လောကုတ္တရာ နှစ်ဖြာတို့ အတွက် ကြည်နူးနှစ်သက်ဖွယ် လ ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment