Pages

Tuesday, November 18, 2014

ယနေ့လူငယ် နောင်ဝယ်လူကြီး


ယနေ့လူငယ် နောင်ဝယ်လူကြီး

တင်စိုး (ပဲခူး)

''ယနေ့လူငယ် နောင်ဝယ်လူကြီး'' ဆိုသော စကားမှာ ပညာဉာဏ် ဗဟုသုတ ကြွယ်ဝပြီး အနာဂတ်ကို ကောင်းစွာစီမံ ကွပ်ကဲနိုင်သော လူငယ်များကို ဖော်ညွှန်းလိုသော စကားရပ် ဖြစ်သည်။

လူတော် လူကောင်း၊ လူကြီး လူကောင်း ဖြစ်လာစေရန် လူငယ်ဘဝသည် ပဓာန အကျဆုံး ဖြစ်သည်။ လူငယ်သည်သာ အနာဂတ်၊ လူငယ်သည်သာ အရင်းအမြစ် ဖြစ်သည်။

ယခုအခါ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရန်အတွက် လူ့စွမ်းအား အရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက် ရေးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရန် လူငယ်လူရွယ် များ အသိပညာ ဗဟုသုတ တိုးပွားစေသော စာများကို များများဖတ်ရန် လိုအပ်သည်။

ထို့ကြောင့် အနာဂတ် ကာလတွင် နိုင်ငံတော် တာဝန်ကို ပခုံးပြောင်း တာဝန် ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာ သင်ရုံသာမက ပညာရည် မြင့်မားပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်အောင် ကျောင်း စာကြည့်တိုက်များ နှင့် ပြည်သူ့ စာကြည့်တိုက် များကို အသုံးချ တတ်ဖို့ လိုအပ်သည်။ တစ်လကို စာအုပ် တစ်အုပ် ဖတ်နိုင်သည့် ကလေး၊ တစ်ရက်ကို စာတစ်ပိုဒ် ဖတ်နိုင်သည့် ကလေး တစ်ဦးသည် စာမဖတ် သူထက် အသိပညာ အဆင့်တစ်ဆင့် တက်သွားနိုင်သည်။ စာများများ ဖတ်ခြင်းဖြင့် ကျယ်ပြန့်သည့် အသိပညာ၊ ဗဟုသုတများ ရရှိလာမှာ ဖြစ်သည်။

လူတစ်ဦး တစ်ယောက်၏ ဘဝသည် စာဖတ်ခြင်း၏ အကျိုး သက်ရောက်မှု အပေါ် အများဆုံး တည်ရှိ နေသည်။ စာပေသည် လူ့ဘဝကို လမ်းပြ ပေးသည့် အလင်းရောင် ဖြစ်သလို လမ်းပြ မြေပုံလည်း ဖြစ်သည်။

ယနေ့ ကာလသည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အသိပညာ တိုးတက်မှု၊ နည်းပညာ တိုးတက်မှု များနှင့် ဖွံ့ဖြိုးတိုးတက် သည့် လူ့ဘောင် စနစ်ကို ဖော်ဆောင် နိုင်ဖို့ ကြိုးပမ်း နေကြသည်။ သဘာဝ သယံဇာတ သည် ထုတ်ယူ သုံးစွဲလျှင် ကုန်ခန်း သွားနိုင်သည် ဆိုသည့် အချက်ကို သဘောပေါက် လာကြသဖြင့် မကုန်ခန်း နိုင်သည့် လူသား အရင်းအမြစ် သယံဇာတ များကို မွေးထုတ်နိုင်ဖို့ ကြိုးပမ်းလျက် ရှိကြသည်။ မြန်မာ နိုင်ငံတွင်လည်း လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် စေရန် နည်းလမ်း မျိုးစုံနှင့် ကြံစည် ကြိုးပမ်း စွမ်းဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံ သည် ဒီမိုကရေစီ စနစ်ကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သည့် အတွက် နေရာတိုင်းတွင် ပြည်သူ့ သဘောထား၊ ပြည်သူ့အသံ က အရေးပါ လာသည်။ ပြည်သူ့ ဆန္ဒတွေကို ရှေ့တန်းတင် စဉ်းစားပြီး ပြည်သူ့ လိုအပ်ချက်ကို အကောင်အထည် ဖော်ဆောင် ပေးသော ခေတ်စနစ်ကို ကူးပြောင်းနေပြီ ဖြစ်သည့်အတွက် ''ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်'' သည် နိုင်ငံ၏ အနာဂတ် အတွက် အရေးပါသော အခန်းကဏ္ဍ မှ ပါဝင် နေပြီဟု ဆိုရမည် ဖြစ်သည်။

နိုင်ငံ၏ အနာဂတ်ကို ပုံဖော် တည်ဆောက် သွားမည့် ပြည်သူများသည် အသိရေချိန် မြင့်မား နေစေဖို့ အလွန် အရေးကြီးသည်။ နိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်ကြမည့် လူငယ်များမှာ ပြည့်ဝစီမံ နိုင်သည့် အတွေးအခေါ်၊ အတွေးအမြင် ဗဟုသုတများ ပြည့်ဝ နေရမည် ဖြစ်သည်။ စာပေ ဖတ်ရှုပြီး အတွေးအမြင် ဗဟုသုတ များဖြင့် တိုးတက် ခေတ်မီသည့် လူ့ဘောင် လောကကို ဖန်တီး ဖော်ဆောင်ရမည် ဖြစ်သည်။

စာပေသည် လူတစ်ယောက်၏ ဘဝကို ပြောင်းလဲနိုင်စွမ်း ရှိသည်။ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် စေဖို့ ပြည်သူတွေ အနေဖြင့်လည်း စာပေဖတ်ရှု ခြင်းဖြင့် မှန်ကန်သော အသိ၊ မှန်ကန်သော အမြင်၊ မှန်ကန်သော ဆုံးဖြတ်ချက် များ ချမှတ်နိုင်ပြီး မြင့်မားတိုးတက် သော ဘဝတွေ ရရှိပိုင်ဆိုင် သွားနိုင်မှာ ဖြစ်သည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လူတော် လူကောင်း၊ လူကြီး လူကောင်းများ ဖြစ်လာစေရန် ယနေ့ လူငယ်များ အနေဖြင့် တန်ဖိုးရှိ သော အသိ ပညာရှင်၊ အတတ် ပညာရှင်များ ဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်း ရေးသား လိုက်ပါသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment