Pages

Friday, November 7, 2014

လုပ်ငန်းလုပ်ကိုင်ရန် ချထားပေးသည့် စက်မှုဇုန်မြေကွက်များ သတ်မှတ်ကာလ အတွင်း လုပ်ငန်း မဆောင်ရွက်ပါက ပြန်လည် သိမ်းဆည်းမည်


ရန်ကုန် ၊ ၇-၁၁-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လုပ်ကိုင်ခြင်း မရှိသည့် စက်မှုဇုန် မြေကွက်များနှင့် ဂိုဒေါင် ပိုင်ဆိုင်သူများ အနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း အမျိုးအစား၊ တည်ဆောက်ရေး ကာလ၊ စီးပွားဖြစ် စတင် လည်ပတ် မည့်ရက်၊ ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှု နှင့် ရရှိမှု အချက်အလက် များ ပြည့်စုံစွာ ပါဝင်သည့် Detail Business Plan ကို ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား တင်ပြရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

စက်မှုဇုန် မြေကွက်များ နှင့် ဂိုဒေါင် ပိုင်ဆိုင်သူများ သည် စက်မှုလက်မှု လုပ်ငန်းအတွက် မြေအသုံးပြုခွင့် အမိန့်ကို ထုတ်ယူ ခဲ့စဉ်က အသုံးပြုခွင့် ရသောမြေကွက်၌ ရရှိပြီးသည့် နေ့မှ သုံးလအတွင်း အဆောက်အအုံ ဆောက်လုပ်ပြီး စတင် အသုံးပြု ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်မှုလက်မှု လုပ်ငန်း အသုံးပြုခွင့် ရသူသည် သတ်မှတ် စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကွက်များကို ဆောက်လုပ် ထားသည့် အဆောက်အအုံ နှင့်အတူ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပြန်လည် သိမ်းယူခွင့် ရှိသည် ဟူသော စည်းကမ်းချက် များကို သဘောတူ လက်မှတ် ရေးထိုး ထားကြောင်း၊ ယင်းအတွက် ပိုင်ဆိုင်သည့် အချိန်မှ စ၍ ယနေ့အချိန် အထိ လုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိသော မြေကွက်များ နှင့် ဂိုဒေါင်များကို ပြန်လည် သိမ်းဆည်း နိုင်ရေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း စက်မှုဇုန် ၂၉ ခုအတွင်း လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသေးသော စက်မှုဇုန် မြေကွက်လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးမှာ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိပါက သတ်မှတ် ကာလအတွင်း နိုင်ငံတော်သို့ ပြန်လည် အပ်နှံရမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment