Pages

Friday, November 28, 2014

ခါကာဘိုရာဇီ တောင်ခြေရှိ ကျေးရွာများသို့ သွားရောက် အခမဲ့ဆေးကုသပေးမည်


ရန်ကုန် ၊ ၂၈-၁၁-၂၀၁၄

ခါကာဘိုရာဇီ အောင်နိုင်ရေး တောင်တက် ခရီးစဉ်တွင် ပျောက်ဆုံးသွားသော တောင်တက်သမား နှစ်ဦးကို ရည်စူး ဂုဏ်ပြုသည့် အနေဖြင့် တက္ကသိုလ် ခြေလျင် နှင့် တောင်တက်အသင်း၊ သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း တို့မှ ကြီးမှူး၍ ခါကာဘိုရာဇီ တောင်ခြေ တစ်ဝိုက်ရှိ ကျေးရွာများ၌ နေထိုင်ကြသော ဒေသခံပြည်သူ များကို အခမဲ့ ဆေးကုသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အခမဲ့ သွားရောက် ဆေးကုသ ပေးမည့် ကျေးရွာများသည် မြန်မာနိုင်ငံ၏ အစွန်အဖျား ကျသော တောင်ပေါ် ဒေသများ ဖြစ်ပြီး သွားလာရေး ခက်ခဲ၍ ခေတ်မီ ဆေးဝါးများနှင့် ဆရာဝန်များ မရှိသည့် အတွက် ဒေသခံများ နာမကျန်း ဖြစ်သောအခါ နီးစပ်ရာ တိုင်းရင်းဆေးဝါး များကိုသာ မှီခို အားထားကြ ရသည်။

ယင်းဒေသများသို့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ သွားရောက် လုပ်ဆောင်ရန် ယခင် ကတည်းက အစီအစဉ် ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပျောက်ဆုံး တောင်တက်သမား နှစ်ဦးအား ရည်စူး ဂုဏ်ပြုသည့် အနေဖြင့် သွားရောက် ဆေးကုသရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဆေးကုသရေး အစီအစဉ် အတွက် ယင်း ဖောင်ဒေးရှင်းမှ ဒေါက်တာ ခင်မေအုန်း ဦးဆောင်သည့် အဖွဲ့ဝင် ၂၅ ဦးခန့် ပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့မှ သွားရောက် ကုသရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို ၂ဝ၁၅ ခုနှစ်ဇန်နဝါရီလ တွင် စတင် သွားရောက်၍ ခါကာဘိုရာဇီ တောင်ခြေ တစ်ဝိုက်ရှိ ကျေးရွာ ၁ဝ ရွာ၌ ၂၅ ရက်ခန့်ကြာ နေထိုင်၍ နာမကျန်း ဖြစ်နေသော ဒေသခံများအား အခမဲ့ ဆေးကုသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းခရီးစဉ်တွင် ခါကာဘိုရာဇီ အောင်နိုင်ရေး တောင်တက်ခရီးစဉ် ၌ ပါဝင်ခဲ့ကြသော တောင်တက်သမား အချို့လည်း ပါဝင်မည် ဖြစ်ကြောင်းနှင့် ပျောက်ဆုံး သွားသော တောင်တက်သမား နှစ်ဦးကို ရေခဲများ ပျော်ချိန် ဖြစ်သည့် ဇွန်လ နှင့် ဇူလိုင်လ များတွင် ထပ်မံ ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment