Pages

Wednesday, November 12, 2014

လုံခြုံရေး အတွက် စီစီတီဗွီ ကင်မရာ


လုံခြုံရေး အတွက် စီစီတီဗွီ ကင်မရာ

ခေတ်မီတိုးတက် လာသော လူမှုဘဝ ဝန်းကျင်များ ပိုမိုများပြား လာသည်နှင့် အမျှ လုံခြုံရေးသည် ပို၍ အရေးကြီး လာသည်။ လုံခြုံရေးသည် လူတိုင်းအတွက်၊ နေရာတိုင်း အတွက် အထူး လိုအပ် လှသည်။ လုံခြုံရေး မရှိသော၊ လုံခြုံရေး ကျိုးပေါက်သော နေရာ အများစုတွင် ဆိုးကျိုး အန္တရာယ်များ နှင့် တစ်ချိန် မဟုတ် တစ်ချိန် ကြုံတွေ့ ရနိုင်မည် ဖြစ်သည်။

တိုးတက် ပြောင်းလဲ လာသည်နှင့် အမျှ လုံခြုံရေး လုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ရန် နေရာတိုင်းတွင် လိုအပ်သည်။ လုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက် ရာတွင် လူအားဖြင့် လုံခြုံရေးကို တာဝန်ရှိ သူများက အမြဲမပြတ် စောင့်ကြပ် ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက် နေကြ သကဲ့သို့ လုံခြုံရေး ကင်မရာများ၊ လုံခြုံရေး စက်ရုပ်များ အသုံးပြု လာကြ သည်ကို တွေ့ရသည်။ ယခုအခါ စီစီတီဗွီ ကင်မရာများကို လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျယ်ပြန့်စွာ အသုံးပြု နေကြပြီ ဖြစ်သည်။

စီစီတီဗွီ (CCTV Closed Circuit Television) များသည် လုံခြုံရေးအတွက် များစွာ အထောက်အကူ ပြုလျက်ရှိသည်။ တစ်ခါတစ်ရံ လူဖြင့် ဆောင်ရွက် ရသော လုံခြုံရေး လုပ်ငန်းများ တွင် လစ်ဟင်းမှုများ ရှိတတ် သော်လည်း စီစီတီဗွီ ကင်မရာ များကြောင့် ရာဇဝတ်မှု များကို အောင်မြင်စွာ ဖော်ထုတ် နိုင်ခဲ့သည့် သာဓက များစွာ ရှိသည်။

ယခုအခါ စီစီတီဗွီ ကင်မရာ များကို လုံခြုံရေး အတွက် အသုံးပြု ရာတွင် အထူးသဖြင့် ဟိုတယ်များ၊ ဈေးများ၊ မီနီမားကတ်များ၊ စားသောက်ဆိုင် များတွင် တပ်ဆင် အသုံးပြု လာကြသည်ကို တွေ့ရသည်။ စီစီတီဗွီ ကင်မရာများမှ တစ်ဆင့် မသင်္ကာ ဖွယ်ရာများ တွေ့ရှိပါက အချိန်မီ တားဆီး နိုင်မည် ဖြစ်သည်။ ထို့ပြင် ပြစ်မှု ကျူးလွန်သူ များကို ပြန်လည် ဖော်ထုတ် ရာတွင်လည်း များစွာ အထောက်အကူ ပြုနိုင်သည်။

ခေတ်ကာလ ပြောင်းလဲ တိုးတက် လာသည်နှင့် အမျှ လူမှု အသိုင်းအဝိုင်း ဝန်းကျင်တွင် လည်း မကောင်းမှု ဒုစရိုက်၊ မတော်လောဘ ရှိသူများဖြင့် ရှုပ်ထွေးပွေလီ ရောယှက်လျက် ရှိရာ အဆိုပါ အဖျက်လုပ်ရပ် များကို ကာကွယ် ဖော်ထုတ်နိုင် ရန်မှာ လူအားဖြင့် မလုံလောက် နိုင်ပေ။ ခေတ်မီသော စက်ကိရိယာများ၊ နည်းပညာ များဖြင့် အသုံးပြုရန် လိုမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ လုံခြုံရေး လုပ်ငန်းများကို လူအားဖြင့် ဆောင်ရွက် နေ၍ မဖြစ်နိုင် တော့ပေ။ နည်းပညာ အသုံးပြုသည့် စီစီတီဗွီ ကင်မရာများကို တိုးမြှင့် တပ်ဆင် အသုံးပြုရန် လိုအပ်လာပြီ ဖြစ်သည်။ ထို့ကြောင့် အများနှင့် သက်ဆိုင်သော နေရာများ၊ ဟိုတယ်များ၊ ဈေးများ၊ ကျောင်းများ နှင့် ဆေးရုံ ဆေးခန်းများ စသည်တို့တွင် အထူး အလေးထား တပ်ဆင် အသုံးပြုသင့် ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment