Pages

Tuesday, November 18, 2014

ရန်ကုန်မြို့၌ ရေကြီး ရေလျှံမှုပြဿနာ ဖြေရှင်းရန် ရေတိုစီမံကိန်းအပြင် ရေရှည် စီမံကိန်းကိုပါ လုပ်ဆောင်ရန် လိုအပ်လျက်ရှိ


ပြီးခဲ့သည့် မိုးရာသီက ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၈-၁၁-၂၀၁၄

ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ရန်ကုန်မြို့တော် စီမံခန့်ခွဲ သုံးသပ်မှု သင်တန်းမှ သင်တန်းသား များသည် ရေကြီးရေလျှံမှု နှင့် ရေတင်မှု အများဆုံး မြို့နယ်သုံးခု ဖြစ်သော ဒလ၊ မင်္ဂလာတောင်ညွန့် နှင့် လသာ မြို့နယ်တို့၌ စစ်တမ်းများ ကောက်ယူခဲ့ရာ ရန်ကုန်မြို့ရှိ ရေထုတ်မြောင်း များမှာ အမှိုက်များဖြင့် ပိတ်ဆို့နေခြင်း နှင့် ကောင်းစွာ ရေစီးဆင်း နိုင်ခြင်း မရှိဘဲ ပိတ်ဆို့နေခြင်း တို့ကြောင့် ရေတင်မှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ရေကြီးရေလျှံမှု နှင့် ရေတင်မှု မကြာခဏ ဖြစ်ပေါ်လျက် ရှိသော ရန်ကုန်မြို့၌ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန် ရေတို စီမံကိန်း အပြင် ရေရှည် စီမံကိန်း ကိုပါ လုပ်ဆောင်ရန် လိုအပ်ကြောင်း အဆိုပါ စစ်တမ်းမှ အကြံပြု ထားသည်။ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ရန်ကုန်မြို့တော် စီမံခန့်ခွဲ သုံးသပ်မှု သင်တန်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ တွင် အောက်တိုဘာ နောက်ဆုံးပတ် မှ စတင်၍ နှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၂၅ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

''ရေကြီးရေလျှံမှု နဲ့ ရေတင်မှု တွေကို လျှော့ချဖို့ အတွက် အရေးကြီးဆုံး အချက်က မြို့တော်ရဲ့ မြေနေရာ အနိမ့်အမြင့် တွေကို စစ်တမ်း ကောက်ပြီး မိုးရေချိန် ဘယ်လောက် ဆိုရင် ဘယ်နေရာမှာ ရေတင်နိုင် မလဲ၊ မြစ်ရေ လက်မ ဘယ်လောက် တက်ရင် ရေတင်နိုင်မ လဲ ဆိုတာမျိုးကို အရင် သုတေသန လုပ်ပြီးမှ ဘာလုပ်ရမလဲ ဆိုတာ စဉ်းစား စေချင်တယ်၊ ဒါမှ လုပ်လို့ရနိုင် မှာပါ . . . '' ဟု ရန်ကုန် နည်းပညာ တက္ကသိုလ် ၌ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ် သင်ကြားသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပြ စီမံကိန်းအရ ရန်ကုန် မြို့တွင်းရှိ ရေထုတ် မြောင်းများ စနစ်တကျ ပြန်လည် ချိတ်ဆက်ကာ ၂ဝ၄ဝ ပြည့်နှစ် အမီ ရေကြီး ရေလျှံမှု လျှော့ချနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာ ရေးကော်မတီ မှ သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment