Pages

Monday, November 10, 2014

ဒေသ၀မ်းစာ ဖူလုံရေး ၀ိုင်းဝန်း ကူညီပေး


ဒေသ၀မ်းစာ ဖူလုံရေး ၀ိုင်းဝန်း ကူညီပေး

ဒေသတစ်ခုတွင် နှစ်စဉ် စိုက်ပျိုးသော သီးနှံများ အောင်မြင်ပါမှ ဝမ်းစာအတွက် စိတ်အေးရသည်။ ဒေသနေ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ပြည့်စုံ လုံလောက်စွာ ဝယ်ယူစားသုံး နိုင်ကြမည် ဖြစ်သည်။ သီးနှံစိုက်ခင်း တို့၏ သဘောသည် မိုးခေါင်၍ လည်းကောင်း၊ ရေကြီး၍ လည်းကောင်း ထိခိုက်ပျက်စီး တတ်သည်။

လွန်ခဲ့သော စက်တင်ဘာလ များက နောက်ကျမိုးများ အဆက်မပြတ် ရွာသွန်းခဲ့၍ ဒေသအချို့ မြစ်ရေကြီးပြီး စိုက်ပျိုး လယ်မြေများ ရေကြီးနစ်မြုပ် ခဲ့ရသည်။ သို့သော် ရေကြီးမှုကာလ မကြာမြင့်၍ ပြန်လည်စိုက်ပျိုး နိုင်ရေး အချိန်မီ ဆောင်ရွက်နိုင် ခဲ့သည်။

ထိုသို့ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် တောင်သူများ၏ ကြိုးပမ်း အားထုတ်မှုသည် ဂုဏ်ပြုထိုက်သည့် ကြိုးပမ်း အားထုတ်မှုများ ဖြစ်သည်။ သို့သော် ယခု နိုဝင်ဘာလ အတွင်း အခါမဲ့မိုးကြောင့် ရင့်မှည့်ပြီး စပါးများ ရိတ်သိမ်း ခြွေလှေ့ချိန် တွင်လည်း တောင်သူများ အခက်အခဲ ကြုံတွေ့ နေရသည်ဟု သိရသည်။

ထိုသို့ တောင်သူများ ကြုံတွေ့နေရသော အခက်အခဲသည် ၄င်းတို့အတွက် သာမက ပြည်သူများ အတွက်ပါ အရေးပါသည်။ တောင်သူများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတွင် အခက်အခဲ ကြုံ၍ ရိက္ခာ မဖူလုံပါက စားသုံးသူ ပြည်သူများ အတွက် စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်ပေါ် လာနိုင်သည်။ ကုန်ဈေးနှုန်း ကြီးမြင့် လာမှုကို ကြုံတွေ့ လာရနိုင်သည်။

ထိုအခက်အခဲ သည် တောင်သူများချည်း ဆောင်ရွက် ဖြေရှင်း၍ မရနိုင်ပေ။ သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်မှသာ ဖြေရှင်း အောင်မြင် နိုင်မည် ဖြစ်သည်။ ရေကြီး နစ်မြုပ်သော လယ်ယာများ အချိန်မီ  စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတို အထွက်တိုး စပါးမျိုးများ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာမှ စီစဉ်ပေးရန် လိုသည်။ သက်တမ်းတို အထွက်တိုးသည့် သီးထပ်ရင်၊ ကျွန်းရွှေဝါ၊ မှော်ဘီဆန်း နှင့် အခြား သက်တမ်းတို ဒေသမျိုးများ စိုက်ပျိုးသွားသင့်ပါသည်။ ထို စပါးမျိုး များသည် အချိန်တို အတွင်း ဖြစ်ထွန်း အောင်မြင်နိုင် သဖြင့် စပါးမျိုးများ တောင်သူတို့၏ လက်ဝယ်သို့ အချိန်မီ ပြည့်စုံစွာ ရောက်ရှိစိုက်ပျိုး သွားနိုင်ရေး ပူးပေါင်း ဆောင်ရွက် ပေးရန်လိုသည်။

ထို့ပြင် စပါးရင့်မှည့် ချိန်၌ ရိတ်သိမ်း ခြွေလှေ့၍ သိုလှောင် သိမ်းဆည်းချိန်တွင် တောင်သူများ အခက်အခဲ မဖြစ်ပေါ် စေရန်လည်း သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ သူတို့က ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးရန် လိုသည်။ ထိုသို့ မဟုတ်ပါက စပါးထွက်ရှိမှု လျော့ကျခြင်း၊ အရည်အသွေး နိမ့်ကျခြင်း၊ ပျက်စီး ဆုံးရှုံးမှု များခြင်းတို့ ဖြစ်ပေါ်၍ ဒေသဝမ်းစာ နှင့် တောင်သူတို့၏ ဝင်ငွေကို ထိခိုက်စေ နိုင်ပြီး ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်ပေါ် စေနိုင်သည်။

သို့ဖြစ်ရာ တောင်သူများနှင့် ဒေသဆိုင်ရာ တာဝန်ရှိ သူများ ပူးပေါင်း၍ ဝမ်းစာပြည့်မီ ဖူလုံရေး အတွက် တောင်သူများက ဝီရိယ စိုက်ထုတ် စိုက်ပျိုးနေ သကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း အထွက်နှုန်း မကျဆင်းရေး၊ အချိန်မီအမိုး၊ အကာအောက် ရောက်ရှိရေး တို့ကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်းဖြင့် ဒေသဝမ်းစာ လိုအပ်ချက် အတွက် စိတ်အေးရမည် ဖြစ်ပါကြောင်း အသိပေးတိုက်တွန်းရေးသားလိုက်ရပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment