Pages

Wednesday, October 22, 2014

ဗန်ကောက်၌ ကျင်းပမည့် နိုင်ငံတကာ ရုပ်သေးပြိုင်ပွဲသို့ မြန်မာ့ရုပ်သေးအဖွဲ့  ဝင်ရောက် ယှဉ်ပြိုင်မည်


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

ထိုင်းနိုင်ငံ ဗန်ကောက်၌ ကျင်းပမည့် နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ရုပ်သေး အဖွဲ့များ ပါဝင်သော နိုင်ငံတကာ ရုပ်သေးပြိုင်ပွဲ သို့ မြန်မာ့ရုပ်သေး အဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ နိုင်ငံတကာ ရုပ်သေးပွဲတော် ကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ နိုဝင်ဘာ ၁ဝ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ရုပ်သေး အဖွဲ့ပေါင်း ၁၁၄ ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ ရုပ်သေး အဖွဲ့စုံတွင် လက်ထိုး ရုပ်သေး၊ တုတ်ထိုး ရုပ်သေး ရှိသကဲ့သို့ မြန်မာ့ကြိုးဆွဲ ရုပ်သေး နှင့် ဗီယက်နမ် မှ ရေပေါ်ရုပ်သေး တို့သည်လည်း နာမည် ကျော်ကြားသည် ဟု နိုင်ငံတကာ ရုပ်သေး ဝါသနာရှင် များက ပြောသည်။ 

မြန်မာ့ကြိုးဆွဲ ရုပ်သေးတွင် မြင်းအက၊ ဂဠုန်အက၊ နဂါးအက၊ ငှက်ကြီးဝန်ပို အက၊ ငါးအက၊ ဘီလူးအက၊ မျောက်အက၊ ဇော်ဂျီအက၊ ဦးရွှေရိုး - ဒေါ်မိုး အက၊ အိုးစည် ဒိုးပတ်ဝိုင်း၊ နတ်ကတော် အက နှင့် အပျိုတော်ယိမ်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတကာ ပွဲတော်များ၌ တင်ဆက် ကပြချိန် တစ်နာရီ အတွင်း ဝင်အောင် တင်ဆက်ကပြ ရပြီး ထိုင်း၊ မြန်မာ နှင့် အင်္ဂလိပ် သုံးဘာသာဖြင့် လည်း တင်ဆက် နိုင်ရန် ကြိုးပမ်း ရကြောင်း မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတကာ ရုပ်သေးပြိုင်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ထွေးဦး ရုပ်သေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးခင်မောင်ထွေး က ပြောသည်။

ထွေးဦး မြန်မာရုပ်သေး ဖျော်ဖြေမည့် အဖွဲ့တွင် မြန်မာရုပ်သေး ပညာရှင် ဦးစိန်ထွန်းကြည်၊ မချိုချိုစန်း၊ ဦးကြင်လှ၊ စိန်နန်းတင်၊ အုပ်ချုပ်သူ ဦးခင်မောင်ထွေး နှင့် ဇနီး၊ သမီး တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment