Pages

Friday, October 3, 2014

ပန်းလှိုင်မြစ် မြစ်ကြောင်း ပြန်လည်တူးဖော် သွားမည်ဖြစ်ရာ ပြည်တွင်း ကုမ္ပဏီများကို လုပ်ငန်းတင်ဒါခေါ်ယူ



ရန်ကုန် ၊ ၃-၁၀-၂၀၁၄

ပန်းလှိုင်မြစ် ပြန်လည် တူးဖော်ရန် ပြည်တွင်း ကုမ္ပဏီများကို လုပ်ငန်းတင်ဒါ ခေါ်ယူထားပြီး နိုဝင်ဘာလ တွင် ပြန်လည် ပြုပြင်တူးဖော် သွားမည်ဖြစ်ရာ အဆိုပါ လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြေကြီးလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီများကို အိတ်ဖွင့် တင်ဒါများ ပေးသွင်းရန် စက်တင်ဘာ ၂၉ ရက်တွင် စတင် ခေါ်ယူ ထားကြောင်း လှည်းကူးမြို့နယ် ဆည်မြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

''မြစ်ကြောင်း အတိုင်း မြေကြီး တူးဖော်မယ့် ကုမ္ပဏီကို ရွေးချယ်ပြီး သွားတာနဲ့ လုပ်ငန်း စတင်မယ်။ ၂ဝ၁၅ ခုနှစ် မတ်လအတွင်း မြစ်ကြောင်း တူးဖော်ရေး လုပ်ငန်း ပြီးစီးအောင် လုပ်သွားမယ်။ မြစ်တွင်း မြစ်ကြောင်း အပြင် မြစ်ဘေးလမ်း ကိုပါ မြေဖို့ပြီး သွားလာလို့ ရအောင် ဖောက်လုပ် သွားမှာပါ'' ဟု ၄င်းက ပြောသည်။

လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆည်မြောင်း ဦးစီးဌာနမှ ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် သီးသန့် ရန်ပုံငွေဖြင့် ပန်းလှိုင်မြစ် ပြန်လည် တူးဖော်ရေး လုပ်ငန်း အတွက် ငွေကျပ် ၂၂ ဒသမ ၅ ဘီလီယံ အကုန်အကျ ခံဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်း ရန်ပုံငွေသည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် မတ်လ အထိသာ ဖြစ်၍ လာမည့် ဘဏ္ဍာနှစ် များတွင် ရရှိမည့် အသုံးစရိတ်ဖြင့် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း များစွာတိုင် တိမ်ကော နေသော ပန်းလှိုင်မြစ် သည် အရှည် ၃၄ မိုင် ၃ ဖာလုံရှိပြီး ယခုနှစ်တွင် ရေလမ်းကြောင်း နှင့် ကုန်းလမ်းကြောင်း များကို တူးဖော်မည် ဖြစ်ကာ ရေထိန်း တံခါးများ ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ ပန်းလှိုင်မြစ်ကြောင်း သည် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်း မြို့နယ် မဲဇလီကျေးရွာ မှ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြစ်ဝ အထိရှိပြီး မြစ်ကြောင်း ပြန်လည် ကောင်းမွန် လာသည့် အချိန်တွင် ရေလမ်းကြောင်း ပြန်လည် ပွင့်သွားမည် ဖြစ်ကာ ရေထိန်းတံခါးများ ဆောင်ရွက်ပြီး ချိန်၌ စိုက်ပျိုးရေး လုပ်ငန်းများကို ရေပေးဝေ နိုင်မည် ဖြစ်ကြောင်း ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိ သူများက ပြောသည်။

ပန်းလှိုင်မြစ် မြေကြီး တူးဖော်ရေး လုပ်ငန်း ဆောင်ရွက်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများ က အောက်တိုဘာ ၂၁ ရက်တွင် နောက်ဆုံး ထား၍ တင်ဒါ တင်သွင်းရမည် ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်တွင် တင်ဒါဖွင့် သွားမည်ဖြစ်ကာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် ရက်သတ္တ တစ်ပတ်အတွင်း စာချုပ်ချုပ်ဆို သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment