Pages

Wednesday, October 29, 2014

မမှန်မကန် ရောင်းဝယ် ဖောက်ကားမှု ရှောင်ကြဉ်


မမှန်မကန် ရောင်းဝယ် ဖောက်ကားမှု ရှောင်ကြဉ်

ရောင်းဝယ် ဖောက်ကား ကြရာတွင် ဈေးနှုန်းမှန်၊ ပစ္စည်းမှန် ခြင်းကို လူတိုင်း နှစ်သက်ကြ သည်။ ဈေးကြီးကြီး ပေး၍ အရည်အသွေး နိမ့်သော ပစ္စည်းကို မည်သူမျှ ဝယ်ယူလိုမည် မဟုတ်ပေ။ ထို့အတူ အရည်အသွေး ကောင်းသည့် ပစ္စည်းကို ဈေးပေါပေါ နှင့်မည်သူမျှ ရောင်းချမည် မဟုတ်ပေ။ ဤတွင် မှန်ကန်စွာ ရောင်းဝယ် ဖောက်ကားခြင်း နှင့် မမှန်မကန် ရောင်းဝယ် ဖောက်ကားခြင်း ဟူ၍ တွေ့ရမည် ဖြစ်သည်။

မှန်မှန်ကန်ကန် ရောင်းဝယ် ဖောက်ကား သူများထံမှ ပစ္စည်းမှန်၊ ဈေးမှန် ရနိုင်သည်။ မမှန်မကန် ရောင်းဝယ် ဖောက်ကားသူ များထံမှ ပစ္စည်းမမှန် သကဲ့သို့ ဈေးလည်း မမှန်မကန် ရောင်းချခြင်းမျိုး တွေ့ကြုံ ရနိုင်သည်။ မတရား အမြတ်ယူ၍ ရောင်းချခြင်းမှာ ဆိုးရွားသည် မှန်သော်လည်း ပစ္စည်း မမှန်ကန် ခြင်းမှာ ပိုမို ဆိုးရွားသည်။

ယခုအခါ အလေး၊ ချိန်ခွင်၊ တင်း စသည်တို့ မမှန်ကန်မှု ထက် အတုများ ရောနှော ရောင်းချခြင်း၊ အတုကို အစစ်ဈေးဖြင့် ရောင်းချခြင်း စသည့် မမှန်မကန် ရောင်းဝယ်မှုများ တိုးပွား လာနေသည်။ အများစုမှာ စားသောက်ကုန် လုပ်ငန်းများတွင် တွေ့ရသည်။ အသား ငါး ရောင်းသူက အလေးချိန် တိုးရန် ရေထိုးသည်။ ဆန်၊ ဆီရောင်းသူ က အရောအနှော လုပ်သည်။ သစ်သီး ရောင်းသူက အမြန်မှည့်ရန် ဆေးဆိုးသည်။

ဤသို့ ပြုလုပ် ရောင်းဝယ် ဖောက်ကားခြင်း မျိုးသည် စားသုံးသူ ပြည်သူများ၏ ယုံကြည်မှုကို ပျက်ပြားစေ၍ ဈေးကွက် ထိခိုက်နိုင် သကဲ့သို့ စားသုံးသူ ပြည်သူများ အတွက်လည်း ကျန်းမာရေး ရှုထောင့်မှ နစ်နာမှုများ ကြုံတွေ့ နိုင်သည်။ ထို့ကြောင့် မမှန်မကန် ရောင်းဝယ် ဖောက်ကား ခြင်းသည် ဘာသာရေး အမြင်ဖြင့် ခိုးမှုမှု၊ လိမ်လည်မှု ပြစ်မှုများ ကျုးလွန်ရာ ရောက်သကဲ့သို့ လက်ရှိ တည်ဆဲ ဥပဒေများ အရလည်း ပြစ်မှု မြောက်၍ မမှန်မကန် ရောင်းဝယ် ဖောက်ကားမှု မျိုးကို ကုန်သည်များ အနေဖြင့် ရှောင်ကြဉ်ရန် လိုသည်။

ဈေးကွက်အတွင်း မမှန်မကန် ရောင်းဝယ် ဖောက်ကားခြင်း သည် တစ်မျိုးသား လုံး၏ ကျန်းမာရေး အတွက် ထိခိုက်မှုများ ရှိနိုင်ပြီး အမျိုးသား အကျိုးစီးပွား ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ် စေနိုင်၍ သက်ဆိုင်ရာ က ကြပ်မတ် တားဆီးမှုများ၊ အရေးယူမှုများ ပြုလုပ်လျက် ရှိသော်လည်း လုံးဝ ပျောက်ကွယ် သွားမည့် အနေအထားမျိုး မရှိကြောင်း သုံးသပ်ရသည်။

သို့ဖြစ်ရာ ဈေးကွက်အတွင်း ရောင်းရေး ဝယ်တာ လုပ်ဆောင်ကြ ရာတွင် မှန်ကန်စွာ ရောင်းဝယ် ဖောက်ကား ခြင်းမျိုးဖြင့်သာ ရောင်းသူရော၊ စားသုံးသူပါ အကျိုးရှိ နိုင်သောကြောင့် မမှန်မကန် ရောင်းဝယ် ဖောက်ကားခြင်း မျိုးကို ရောင်းချ သူများက ရှောင်ကြဉ်ရန် လိုသကဲ့သို့ စားသုံးသူများ ကလည်း သတိတရား လက်ကိုင်ထား၍ ဝယ်ယူစားသုံး သွားကြရမည် ဖြစ်ပါကြောင်း သတိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment