Pages

Friday, October 31, 2014

စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင် နေသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေးကျဆင်း နေဆဲဖြစ်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၄

သိုလှောင်ရုံ အာမခံစနစ် ဖြင့် ဘဏ်ချေးငွေ ရယူကာ စပါးဈေး ကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင် နေသော်လည်း ယခုနှစ် မိုးစပါး ပေါ်ချိန်တွင် စပါးဈေး ကျဆင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာ လလယ်အထိ စပါးတင်း ၁ဝဝ လျှင် ငွေကျပ် လေးသိန်းကျော် အနိမ့်ဆုံး ရှိခဲ့သော်လည်း အောက်တိုဘာ လဆန်းပိုင်း ကောက်စောစပါး စတင်ပေါ်ချိန် မှစ၍ စပါးဈေး ပြန်လည် ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ မကြာမီ ဒေသ အသီးသီးမှ မိုးစပါး ထွက်ရှိလာပါက စပါးဈေး ငွေကျပ် သုံးသိန်းအောက် အထိ ရောက်ရှိ နိုင်ကြောင်း သိရသည်။

ထိုသို့ စပါးဈေး ထပ်မံ ကျဆင်းမည်ကို စိုးရိမ် နေခြင်းကြောင့် ဒေသ အခြေစိုက် ဆန်စက် လုပ်ငန်းရှင်များ နှင့် ဆန်ကုန်သည် များက လှောင်လက် စပါးများကိုပါ ထုတ်ရောင်း နေကြသဖြင့် စပါးဈေး ပိုမိုကျဆင်း နိုင်ကြောင်း လယ်သမား များက ပြောသည်။ စပါးဈေး ကျဆင်းမှုကို ကာကွယ်နိုင်ရန် သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဘဏ်ချေးငွေ ရယူပြီး စပါးဝယ်ယူ နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ် တို့နှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပဆန် တင်ပို့မှု ပမာဏ၏ ၇ဝ ရာခိုင်နှုန်းကို ဝယ်ယူနေသည့် တရုတ် နိုင်ငံဘက် မှလည်း ဆန်ဝယ်ယူမှု ရပ်ဆိုင်း ထားသည့် အတွက် စပါးဈေး ကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။ ဝါးတန်း ဆန်ကုန်စည်ဒိုင် မှ ဆန်ကုန်သည် တစ်ဦးက ''လယ်သမားတွေ ကတော့ ကုန်သည်တွေ ဈေးနှိမ်တယ်လို့ ထင်နေတယ်။ ကျွန်တော်တို့ ကလည်း မူဆယ်လိုင်း မကောင်းရင် ဈေးမပေး နိုင်သေးဘူး။ အခု ဆန်စပါး အသင်းချုပ် က ဈေးထိန်း နိုင်အောင်တော့ လုပ်ပေးနေတယ် ... '' ဟု ပြောသည်။

မိုးစပါး တစ်ဧက စိုက်စရိတ်မှာ ငွေကျပ် နှစ်သိန်း သုံးသောင်း ဝန်းကျင်အထိ ရင်းနှီး ထားရခြင်း ကြောင့် စပါးဈေး ငွေကျပ် သုံးသိန်းအောက် အထိ ကျဆင်း လာပါက စိုက်ပျိုးရေး ဘဏ်ချေးငွေ များကို ပြန်လည် ပေးဆပ်ရန် အခက်အခဲ ထပ်မံ ဖြစ်ပေါ်လာမည် ကို စိုးရိမ်လျက် ရှိကြောင်း လယ်သမားများက ပြောကြားသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment