Pages

Monday, October 20, 2014

မြန်မာဘောလုံးချစ် ပရိသတ်အချို့၏ အပြုအမူများကြောင့် အာရှဘောလုံး အဖွဲ့ချုပ်မှ ဒဏ်ငွေနှင့် ကွင်းပိတ် ပြစ်ဒဏ်ချမှတ်


မြန်မာဘောလုံးချစ် ပရိသတ်အချို့၏ အပြုအမူများကြောင့် အာရှဘောလုံး အဖွဲ့ချုပ်မှ 
ဒဏ်ငွေနှင့် ကွင်းပိတ် ပြစ်ဒဏ်ချမှတ်

မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက် ရှိသော AFC U-19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲ တွင် ပရိသတ် အချို့၏ မလိုလား အပ်သော အပြုအမူများ ကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၂၄၀၀၀ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများမှ ပွဲစဉ်(၁)အား ပရိသတ် မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား ပြစ်ဒဏ်ချမှတ် အရေးယူ ခဲ့သည်။

အဆိုပါ ပြိုင်ပွဲအား နေပြည်တော် နှင့် ရန်ကုန်မြို့ တို့တွင် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ ကျင်းပလျက် ရှိပြီး ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း ၌ အောက်တိုဘာ ၁၃ ရက် အီရန်နှင့် ကစားခဲ့သည့် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် ပရိသတ် အချို့က ပွဲကြည့် ထိုင်ခုံများအား ရိုက်ချိုး ဖျက်ဆီး၍ ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်း၊ သတ်မှတ်နေရာ များတွင် အားပေးမှု မရှိခြင်း စသည့် အပြုအမူများ ပြုလုပ်ခဲ့ ကြသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက် ယူအေအီး အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ် အနိုင်ရရှိခဲ့ပြီး မြန်မာ့ဘောလုံး သမိုင်းတွင် ပထမဆုံး ကမ္ဘာ့ဖလား ယူ -၂ဝ ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည့် အတွက် ပရိသတ်အချို့ ကွင်းအတွင်း မြက်ခင်းပြင် ပေါ်သို့ ဝင်ရောက်၍ အောင်ပွဲခံ ခဲ့ကြသည်။

အဆိုပါ ပွဲစဉ်တွင် ကွင်းအတွင်း ဝင်ရောက် ခဲ့သည့် အချို့သော ပရိသတ်များ အနေဖြင့် ပြိုင်ဘက် အသင်းအား မလိုလား အပ်သော နောက်ပြောင်မှု ပြုလုပ်ခြင်း၊ ကွင်းအတွင်းရှိ အားကစား ဆိုင်ရာ ပစ္စည်းအချို့ ဖျက်ဆီးခဲ့ခြင်း တို့ကြောင့် အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းအရ အထက်ပါ အတိုင်း ပြစ်ဒဏ်များ ချမှတ် အရေးယူ ခဲ့ခြင်း ဖြစ်သည်။

အာရှဘောလုံး အဖွဲ့ချုပ်၏ အရေးယူမှု သတိပေးချက် အရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄ဝဝဝ ပေးဆောင် ရမည့်အပြင် ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲတစ်ပွဲ ကစားစေရန် ဆိုင်းငံ့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အကယ်၍ အောက်တိုဘာ ၂ဝ ရက် (ယနေ့) တွင် ကာတာအသင်း နှင့် ကစားရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပရိသတ် များ၏ အလားတူ ဖြစ်ရပ်မျိုး သို့မဟုတ် စည်းကမ်း ချိုးဖောက်မှုမျိုး တစ်ခုခု ထပ်မံပြုလုပ် ခဲ့ပါက ဗိုလ်လုပွဲတွင် ပရိသတ် မပါဘဲ ကစားရမည် ဖြစ်သည့်အပြင် သီးခြား ပြစ်ဒဏ်များ ထပ်မံချမှတ် ခံရမည် ဖြစ်သည်။

အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် AFC U-19 Championship 2014 Regulations  ပြိုင်ပွဲ ကျင်းပရေး စည်းမျဉ်း ဥပဒေများ ဖြစ်သည့် Article 65 နှင့် Article 3 (a)(ii) အရ ဒေါ်လာ ၁ဝဝဝဝ၊ Article 67.1 နှင့် 67.3 အရ ဒေါ်လာ ၉ဝဝဝ၊ Article 40.1 နှင့် Article 15.3 အရ ဒေါ်လာ ၅ဝဝဝ စုစုပေါင်း ဒေါ်လာ ၂၄ဝဝဝ အား ပေးဆောင် စေရန်နှင့် Article 24 နှင့် Article 33.5  အရ ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲတစ်ပွဲ ကစားစေရန် (နှစ်နှစ်တာ ကာလအတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် မည်သည့် နိုင်ငံတကာပွဲ မဆို) ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အဆိုပါ ပြစ်ဒဏ်များအား လျှော့ပေါ့ ပေးစေရန် အာရှဘောလုံး အဖွဲ့ချုပ်သို့ ထပ်မံရှင်းလင်း ပန်ကြား၍ အယူခံဝင် သွားမည် ဖြစ်ကြောင်း သိရသည်။

ကွာတားဖိုင်နယ် ပွဲစဉ်သည် အာရှအဆင့် ပြိုင်ပွဲကြီး ဖြစ်သည့် အတွက် ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုအား အာရှတိုက် နိုင်ငံများ အပြင် အခြားနိုင်ငံ အသီးသီးမှလည်း စိတ်ဝင်တစား အားပေးကြည့်ရှု လျက်ရှိရာ ပရိသတ် အချို့၏ ဖော်ပြပါ အတိုင်း မလိုလား အပ်သည့် အပြုအမူမျိုး ပြုလုပ် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူ အပြစ်ပေး မှုမျိုး ခံခဲ့ရသည့် အပြင် နိုင်ငံ အတွက်လည်း အနည်းနှင့် အများ ဂုဏ်သိက္ခာ ထိခိုက် စေခဲ့သည်။ အလားတူ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ် ပါက နိုင်ငံတကာ ပြိုင်ပွဲမျိုးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်များ ဆုံးရှုံး စေနိုင်သည်။

၂ဝ၁၁ ခုနှစ်က အိုမန်အသင်း နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွင်လည်း မလိုလား အပ်သည့် အပြုအမူ များကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) မှ မြန်မာ့ လက်ရွေးစင် အသင်းအား ခြေစစ်ပွဲ ကစားခွင့် ပိတ်ပင်ခြင်း၊ ဒဏ်ငွေများ ချမှတ်ခြင်း စသည့် အရေးယူ အပြစ်ပေး မှုများကို ဂုဏ်သိက္ခာ ကျဆင်းစရာ အဖြစ် ခံခဲ့ရဖူး သည်မှာလည်း ပရိသတ်များ အားလုံး သိရှိပြီး ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် ယူ- ၁၉ အသင်းမှာ ယခု အာရှပြိုင်ပွဲတွင် မိမိတို့ထက် အတွေ့အကြုံ၊ ကြံ့ခိုင်မှု ပိုမို ကောင်းမွန် တောင့်တင်းသည့် အာရှအဆင့် ထိပ်တန်း အသင်းများကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်း နိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို အာရှတိုက် ကိုယ်စားပြု အသင်းအဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့် ရသည်အထိ သမိုင်းသစ် ရေးထိုး နိုင်ခဲ့ပြီးဖြစ်ရာ ယနေ့ အောက်တိုဘာ ၂ဝ ရက် ည ၇ နာရီတွင် ကစားရမည့် ကာတာအသင်း နှင့် ဆီမီးဖိုင်နယ် တွင် မည်သည့်ရလဒ် ထွက်ပေါ်သည် ဖြစ်စေ ဘောလုံးချစ် ပရိသတ်များ အနေဖြင့် မြန်မာအသင်း ၏ ကြိုးစား အားထုတ် အောင်မြင်ခဲ့မှု ကို ချီးကျူး အသိအမှတ်ပြု နားလည်သည့် အနေဖြင့် မလိုလား အပ်သော မည်သည့် အပြုအမူ ကိုမျှ မပြုလုပ် မိစေရန် အချင်းချင်း ဝိုင်းဝန်းထိန်းသိမ်း ကူညီ ဆောင်ရွက် ပေးကြပါရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အထူး မေတ္တာရပ်ခံ ပန်ကြား ထားကြောင်း သိရှိရသည်။

ဖိုးသော်ဇင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment