Pages

Monday, October 20, 2014

ပွင့်လင်းရာသီ ခရီးသွားများ စိတ်အေးချမ်းစေဖို့


ပွင့်လင်းရာသီ ခရီးသွားများ စိတ်အေးချမ်းစေဖို့

မြန်မာနိုင်ငံတွင် ခရီးသွားစရာ နေရာများ ပေါများပြီး လေ့လာ လည်ပတ်စရာ နေရာများ၊ အပန်းဖြေ အနားယူစရာ နေရာများ ပေါများသည်။ ယခု ကဲ့သို့သော ဝါလကင်းလွတ် သီတင်းကျွတ် ရာသီကာလ ပွင့်လင်းရာသီ မှစ၍ ပြည်ပ ခရီးသွား ဧည့်သည်များ သာမက ပြည်တွင်း ခရီးသွား ဧည့်သည် များလည်း ပိုမိုလည်ပတ် သွားလာ ကြသည်။

အဆိုပါ နေရာများသို့ ခရီးသွား ဧည့်သည်များ ဝင်ထွက် သွားလာ ကြသည်မှာ အဆန်းတကြယ် မဟုတ်သော်လည်း ယခုနှစ်တွင် ယခင်နှစ်များ ကထက် စာလျှင် ခရီးသွား ဧည့်သည်များ ပိုမို လာရောက် လည်ပတ်မှု များသည်ဟု ဆိုရမည် ဖြစ်သည်။

ပြည်တွင်း ခရီးသွားများ အနေဖြင့် အပန်းဖြေနှင့် ဘုရားဖူး ခရီးသွားကြပြီး ပြည်ပ ခရီးသွားများ အနေဖြင့် ဒေသန္တရ ဗဟုသုတ ရှာမှီး လေ့လာလိုသူ များကြသည်။ ထို့ပြင် ပြည်ပ ခရီးသွား များသည် မြန်မာတို့၏ လူနေမှုဘဝ ဓလေ့ထုံးစံ များနှင့် အံ့ချီး မကုန်သော စေတီပုထိုးများ၊ ရှေးဟောင်း ဗိသုကာ အဆောက်အအုံ လက်ရာများ၊ သာယာလှပ ရှုမငြီးဖွယ် ကောင်းသော မြန်မာ့ရှုခင်း များကို ဦးစားပေး လေ့လာ ကြသည်။

ထိုသို့ ခရီးသွားလုပ်ငန်း ပွင့်လင်းလာသော အချိန်အခါတွင် ခရီးသွားများ စိတ် အနှောင့်အယှက် ဖြစ်စေမည့် အပြုအမူ လုပ်ရပ်များကို ရှောင်ကြဉ်ကြ ရမည် ဖြစ်သည်။ သို့မှသာ ခရီးသွား ဧည့်သည်များ ဝင်ထွက်မှု များပြားလာပြီး ခရီးသွားဦးရေ လျော့နည်း သွားခြင်း မရှိသည့်အပြင် ပြည်တွင်း ခရီးသွားများ သာမက ပြည်ပခရီးသွား များလည်း ပိုမိုတိုးတက် လာသည်ကို တွေ့ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်း သွားလာလည်ပတ် နေကြသည့် ခရီးသွား ဧည့်သည် များကို ကောင်းမွန်စွာ ဧည့်ဝတ် ကျေပွန်ကြ ရမည် ဖြစ်သကဲ့သို့ ကူညီ စောင့်ရှောက် ပေးကြရမည် ဖြစ်သည်။ ဧည့်သည်များ အတွက် အဆင်ပြေလျှင် ပြီးရောဟု သာမန်မျှသာ သဘော မထားဘဲ ဧည့်သည်များ သွားလာ တတ်သည့် နေရာအားလုံး ကို တာဝန်ရှိ သူများက မျက်ခြည်မပြတ် ဂရုစိုက်ကာ လုံခြုံစိတ်ချ ရအောင် စောင့်ရှောက် ပေးရမည် ဖြစ်သည်။

အိမ်ရှင် ကောင်းလျှင် ဧည့်သည် လာမည်ဖြစ်ရာ အထူးသဖြင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ဝင်ထွက် သွားလာမှု များပြားသော ကျွန်ုပ်တို့ နိုင်ငံတွင် ခရီးသွား ဧည့်သည်များ အဝင်အထွက် များသည့် စေတီပုထိုးများ၊ ရှေးဟောင်း လက်ရာများ လေ့လာ နိုင်သည့် နေရာများတွင် လုံခြုံမှု ထားရှိပြီး အမြင် မတင့်မှု များကို ရှောင်ရှားသင့် ပေသည်။

သို့ဖြစ်ရာ လူသတင်းသည် လူချင်းဆောင် သည်ဖြစ်၍ မိမိတို့၏ ကောင်းမွန် နွေးထွေးသော ဆက်ဆံမှု၊ မှန်ကန်သော လုပ်ဆောင်မှု များကို ဖော်ထုတ် ပြသကြရန် ကောင်းသတင်း ဝေဆာအောင် ဆောင်ရွက် ကြရန်နှင့် ပွင့်လင်း ရာသီတွင် မြန်မာနိုင်ငံ အတွင်း ခရီးသွား ဧည့်သည်များ စိတ်အေး ချမ်းသာစွာ သွားလာ လည်ပတ် နိုင်ရန် အားလုံးက ဝိုင်းဝန်း ဆောင်ရွက် ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment