Pages

Thursday, October 30, 2014

နိုင်ငံတစ်ဝန်းရှိ ဟိုတယ် ၇၀၀ ကျော်တွင် ခွင့်ပြုချက်မရယူဘဲ ယမကာကောင်တာ ဖွင့်လှစ်ထား


ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄

နိုင်ငံတစ်ဝန်းရှိ ဟိုတယ် ၇ဝဝ ကျော်တွင် ခွင့်ပြုချက် မရယူဘဲ ယမကာ ကောင်တာများ ဖွင့်လှစ် ထားကြောင်း စိစစ်တွေ့ရှိ ရသည် ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။ 

နိုင်ငံတစ်ဝန်း ဟိုတယ်အလုံး ၇၁၈ လုံးတွင် ယစ်မျိုးလိုင်စင် မရှိဘဲ ယမကာ ကောင်တာများ ဖွင့်လှစ် ထားခြင်းကို စိစစ်တွေ့ရှိ ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှ ဟိုတယ် ဖွင့်လှစ်ခွင့် လိုင်စင်ရယူ ထားသည့် ဟိုတယ် ၉၃၁ လုံး ရှိကြောင်း သိရသည်။

ထိုကဲ့သို့ တရားဝင်လိုင်စင် ရယူ ဖွင့်လှစ် ထားသည့် ဟိုတယ် ၉၃၁ လုံးတွင် ဟိုတယ် ၂၁၃ လုံးသာ ယမကာ ကောင်တာ ဖွင့်လှစ် နိုင်သည့် ယစ်မျိုးလိုင်စင် ရယူထားကြောင်း စိစစ်တွေ့ ရှိရပြီး ကျန်ဟိုတယ် ၇၁၈ လုံးသည် ယမကာကောင်တာ ဖွင့်လှစ် နိုင်သည့် ယစ်မျိုးလိုင်စင် ရယူထားခြင်း မရှိသည်ကို စိစစ်တွေ့ရှိ ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ ဒုတိယ ဝန်ကြီး က ပြောကြား ခဲ့သည်။

ထို့ကြောင့် ဟိုတယ်ကြီးများ အနေဖြင့် အဆင့်အတန်း နှင့် လျော်ညီစွာ ယမကာကောင်တာ တရားဝင် ဖွင့်လှစ်နိုင်ခွင့် ရှိသည့် ယစ်မျိုးလိုင်စင် ရယူထားရန် လိုအပ်ကြောင်း လည်း သိရသည်။ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း လိုင်စင်ရယူ ဖွင့်လှစ်လျက် ရှိသည့် ဟိုတယ်များ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာန ၏ ဟိုတယ် ဖွင့်လှစ်ခွင့်ပြု ထားကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း၏ေ ထာက်ခံချက် များနှင့်အတူ ယစ်မျိုးလိုင်စင် လျှောက်ထာ လာပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာန မှ သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment