Pages

Sunday, October 26, 2014

အရည်အချင်း ရှိတဲ့သူ


အရည်အချင်း ရှိတဲ့သူ

Guiter နောင်

ကျောင်းသားဘဝကို ဖြတ်ကျော်ရင်းနဲ့ လက်တွေ့ဘဝ နယ်ပယ်ထဲ ရောက်လာတော့ စာသင်ကျောင်းက မသင်ခဲ့ရ တာတွေ တော်တော် များများ ကို သိလာရတယ်။ စာသင်ကျောင်းက သင်ခန်းစာ တွေဟာ လက်တွေ့ဘဝကို ရင်ဆိုင်ဖို့ ခွန်အားတွေ ဖြစ်ခဲ့တာ သေချာပေမယ့် သက်လုံ ကောင်းဖို့ဆိုတာ ကိုယ်တိုင်ပဲ လေ့ကျင့်သင်ယူ ရမယ်ဆိုတဲ့ သဘောပါ။

ပြည်တွင်းက မတူညီတဲ့ အဖွဲ့အစည်း တွေနဲ့ ပတ်သက်ဆက်နွှယ် ခဲ့ရာက ပြည်ပခရီးစဉ် တွေကိုပါ အကြောင်းပါ ခဲ့တယ်။ လေ့လာခွင့် ရခဲ့တယ်။ နည်းပညာကို ရှေ့တန်းတင်တဲ့ ဂျပန်နိုင်ငံမှာ ပညာရှင်ကို အလေးထား ကြတယ်။ သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီးက လိုအပ်တဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ သူတွေကို ရွေးချယ် ခန့်ထားကြတယ်။ နည်းပညာ အတွက် Research ဌာနကနေ သုတေသန အမြဲလုပ်နေ ရသလို ဈေးကွက်ကိုလဲ Promotion အခါ အားလျော်စွာ လုပ်ပေး နေရတယ်။ ပညာကို အခြေခံတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် ပညာနဲ့ပဲ ဆုံးဖြတ် သွားကြတယ်။ နေရာကောင်း တစ်ခုရဖို့ လူကြီးကို ချဉ်းကပ်ရုံနဲ့ ရမှာ မဟုတ်ဘူး။ ရာထူးနဲ့ သင့်တော်တဲ့ အတွေ့အကြုံ၊ အရည်အချင်း တွေရှိမှသာ ဖြစ်နိုင်ပါတယ်။ ပညာကို ဦးစားပေးတဲ့ နိုင်ငံမှာ ရှိတဲ့ သူတွေကလဲ ပညာကိုပဲ ဂရုစိုက် ပါတယ်။ တစ်လယမ်း ၂၅ သောင်းရဖို့ အလုပ်လုပ်ဖို့ပဲ လိုတယ်။ အလုပ်လုပ်ရင် ပိုက်ဆံရမယ်။ အလုပ်မလုပ်ရင် ပိုက်ဆံမရဘူး ဆိုတာပဲ။

ဒါက ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ကွာဟချက် တွေလို့ပဲ ပြောရမှာပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ မှာတော့ ပညာကို အခြေမခံဘဲ လူကို အခြေခံနေတဲ့ သဘော ရှိပါတယ်။ အရည်အချင်း ရှိတဲ့သူတွေ နောက်ကျန်ခဲ့ တယ်ဆိုတာ ခေတ်တစ်ခုရဲ့ ဆိုးမွေကို ခံလိုက် ရတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ လူနပ်တွေသာ နေရာရ၊ လူနပ်တွေသာ ပေါက်ရောက် နေတဲ့ လူနပ်ချမ်းသာ ခေတ်ကြီးမှာ အရည်အချင်း ရှိတဲ့သူတွေ နောက်ကျန် ခဲ့တာ ဟာ နိုင်ငံရဲ့ စွမ်းအားတွေ အလဟဿ ဖြစ်နေတယ် ဆိုတဲ့ သဘောပါ။ သစ်ပင်တွေခုတ်၊ သယံဇာတတွေ ထုတ် နေတာက မြင်ရတဲ့ အရင်းအမြစ် ဆုံးရှုံးမှုလို့ ပြောရင် အရည်အချင်း ရှိတဲ့သူတွေ သူတို့နဲ့ သင့်တော်တဲ့ နေရာ မရောက်သေး တာကလဲ စွမ်းအင် ဆုံးရှုံးမှု ပါပဲ။

လူနပ်တွေကို အရည်အချင်း မရှိဘူးလို့ အားလုံးကို ဝါးလုံးသိမ်း ရမ်းပြောလို့လဲ မဖြစ်ပါဘူး။ လူနပ်တွေ ထဲမှာလဲ အရည်အချင်း ရှိတဲ့သူတွေ ပါကောင်း ပါနိုင် ပါတယ်။ အရာရာ အကောင်းချည်း မရှိတဲ့ လောကမှာ လူနပ်တွေ ချမ်းသာကြပြီး လူတတ် အများစု ဆင်းရဲနေတာ တွေ့ကြ ရမှာပါ။ 'စာတတ်ဖို့ မလိုဘူး။ အထာနပ်ဖို့ လိုတယ်' ဆိုပြီး မထိတထိ ပြောတာကိုလဲ ကြုံကြ ရပါတယ်။ နောက်ဆုံးတော့ လူတတ်တွေကို လူကတ်တွေလို့ အထင်ခံ လိုက်ရပြီး လူနပ်တွေကို လူတော်တွေလို့ အထင်ခံလိုက် ရတာပါပဲ။ လူတတ်တွေက အတတ်ပညာ နောက်ကို လိုက်ရင်း အချိန်ကုန် နေချိန်မှာ လူနပ်တွေက အခွင့်အရေး နောက်လိုက်ရင်း LANCRUZER စီးသွားတာ ပါပဲ။

ငါးသုံးကောင် ပုံပြင်ကို အားလုံး သိကြပါတယ်။ ဉာဏ်မသုံးဘဲ ဝီရိယ လွန်တဲ့ငါးက လွတ်ရာ လွတ်ကြောင်း အမြဲကြံ နေတော့ လှေပေါ်မှာတင် ခေါင်းထု အသတ်ခံ လိုက်ရပါတယ်။ ကံကို အယုံလွန်ပြီး ပုံတဲ့ ငါးကတော့ ဘာမှ မကြိုးစားလို့ တံငါလှေ ကမ်းလဲ ကပ်ရော အထုခံရပြီး သေပြန်ပါတယ်။ ကံ၊ ဉာဏ်၊ ဝီရိယ ရှိတဲ့ ငါးကတော့ တဖျပ်ဖျပ် မခုန်ဘဲ လှေအလူးမှာ အစွမ်းကုန် ကြိုးစား လိုက်လို့ လွတ်သွား ပါတယ်။ အရွယ်ရောက်လို့ လက်တွေ့ ဘဝထဲ ရောက်တော့ ငါးသုံးကောင် ပုံပြင်က အရေးပါ လာခဲ့တယ်။

''သူတည်း တစ်ယောက် ကောင်းဖို့ ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ''တစ်ခေတ် တစ်ခါက အနန္တ သူရိယ အမတ်ကြီး ရေးခဲ့တာပါ။ ဘုရင် အမျက်တော် ရှလို့ သေဒဏ် အပေးခံခဲ့ ရတယ် ဆို ပေမယ့် လဲ ပညာရှင် တစ်ယောက် ပါလေ။ ပညာကို တန်ဖိုးထားတဲ့ ရှင်ဘုရင် သာဆို ဘယ်လို ဆုံးဖြတ်မလဲ သိချင်စမ်း လှပါတယ်။ ဂေါတမ ဘုရားရှင် လက်ထက်တော် အခါက စစ်သူကြီး ဗန္ဓုလ ဆိုတာ စစ်ဗျူဟာ အလွန်ကောင်းပြီး တိုက်ပွဲတွေ အောင်၊ မလိုသူ တွေရဲ့ကုန်းချောစကား ဘုရင်က နားယောင်တော့ လုပ်ကြံခံ လိုက်ရတာပဲ။ နောက်ဆုံး ဗန္ဓုလရဲ့ တူမောင်က အငြိုးထား၊ အကြံတူ ဝိဋတူပ နဲ့ တွဲမိတော့ ကောသလ မင်းကြီး ဒုက္ခရောက်။ သက်ဦး စံပိုင်ဘုရင် စနစ်ရဲ့ အုပ်ချုပ်မှု အောက်မှာ ပညာရှင်တွေ ဘယ်လောက်များ အသက်ပေး ခဲ့ရလိမ့် မလဲဆိုတာ စဉ်းစား ကြည့်ရင် အလွန် နှမြောစရာ ကောင်းပါတယ်။

ကြောက်စရာ ကောင်းတဲ့ သက်ဦးစံပိုင် ဘုရင်စနစ်ကို ကျော်လွန် ခဲ့ပါပြီ။ လူနပ်တွေ ချမ်းသာ တာကိုလဲ မုဒိတာ ပွားနိုင်ပါတယ်။ စူးနေရာ စူးဆောက်နေရာ ဆောက် ဆိုသလို အနယ်နယ် အရပ်ရပ်က ပညာရှင်တွေ၊ အရည်အချင်း ရှိတဲ့သူတွေ ယနေ့ နိုင်ငံ တည်ဆောက်ရေး မှာ ပူးပေါင်း ပါဝင်လာမယ် ဆိုရင် လူနပ်တွေနဲ့ တည်ဆောက် ထားတဲ့ နိုင်ငံ မဟုတ်ဘဲ လူတတ်တွေနဲ့ တည်ဆောက် ထားတဲ့နိုင်ငံ ဖြစ်လာမယ် ဆိုတာ အသေအချာ ပါပဲ။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment