Pages

Tuesday, October 21, 2014

တက္ကသိုလ်များ၌ ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းစနစ် အကောင်အထည်ဖော်ရန် စာသင်ခန်းများ နှင့် ဆရာဦးရေ တိုးချဲ့မည်



ရန်ကုန် ၊ ၂၁-၁၀-၂၀၁၄

အဆင့်မြင့် ပညာဦးစီးဌာန လက်အောက် ရှိ ၀ိဇ္ဇာ ၊ သိပ္ပံ တက္ကသိုလ်များ၌ ကျောင်းသား ဗဟိုပြု သင်ကြားရေး နည်းစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန် စာသင်ခန်း များနှင့် ဆရာများ၏ ဦးရေကို တိုးချဲ့သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန မှ သိရသည်။

မြန်မာ တစ်နိုင်ငံလုံး၌ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ပေါင်း ၄၇ ခုရှိပြီး အဆင့်မြင့် ပညာ ဦးစီးဌာန (အထက် မြန်မာပြည်) လက်အောက်တွင် ၂၆ ကျောင်း နှင့် အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) လက်အောက်တွင် ၂၁ ကျောင်းရှိပြီး ယင်း တက္ကသိုလ် များ၏ စာသင်ခန်းများ၌ တစ်ခန်းလျှင် ကျောင်းသား ၅ဝ ဦးသာ ထားရှိမည် ဖြစ်ကြောင်း၊ စာသင်ခန်း အရွယ်အစားများ လျှော့ချ သွားပြီး စာသင်ဆောင်များ လုံလောက်မှု ရှိစေရေး တိုးချဲ့ ဆောက်လုပ် သွားရန် စီစဉ် နေကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန(အောက် မြန်မာပြည်) မှ သိရသည်။

ကျောင်းသား ဗဟိုပြု စနစ်ဖြင့် အကောင် အထည်ဖော်လျှင် ကျောင်းသား နည်းနည်း နှင့် စာသင်ခန်း များများ ရှိရမည် ဖြစ်သောကြောင့် စာသင်ဆောင် များကို တိုးချဲ့ ဆောက်လုပ် သွားမည့်အပြင် သင်တန်းများ ၊ ဘာသာရပ် ဆိုင်ရာ ဌာနများ ကိုလည်း တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေး ဌာနများ မရှိသော ကျောင်းများ၌ ယင်းဌာန များကိုလည်း တိုးချဲ့ သွားမည် ဖြစ်သည်။

ယမန်နှစ်မှ စတင်၍ ကျောင်းများ၌ စာသင်ခန်း အရွယ်အစားများ လျှော့ချရန် ညွှန်ကြား ခဲ့သောကြောင့် စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသား ဦးရေ ၈ဝ ဦးမှ ၁ဝဝ ဦးအထိသာ ထားရှိရန် ညွှန်ကြား ခဲ့ပြီး စာသင်ဆောင် အသစ်များ ပြီးစီးပါက ကျောင်းသား ၅၀ ဦးသာ ထားရှိ သွားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment