Pages

Tuesday, October 28, 2014

မီးဘေးအန္တရာယ် စုပေါင်းကာကွယ်


မီးဘေးအန္တရာယ် စုပေါင်းကာကွယ်

မီးသည် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးလျှင် ရန်သူဟူ၍ စကားရှိသည်။ နွေရာသီသည် မီးလောင်မှု အများဆုံး ရာသီဖြစ်သည် ဟု ဆိုသော်လည်း ယခုအခါ ဆောင်းရာသီ ၌ပင် မီးလောင်မှု ခပ်စိပ်စိပ် ဖြစ်ပေါ် နေသည်ကို ကြားသိ နေရသည်။

မီးမသုံးတတ်လျှင် ရန်သူဟူသော စကားရပ်သည် ပေါ့ဆမှု၊ စည်းကမ်း မလိုက်နာမှု နှင့် မကျွမ်းကျင်မှု တို့ကြောင့် မီးသည် ရန်သူဖြစ်ရသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ မီးဘေး အန္တရာယ်သည် လူတို့၏ ပယောဂကြောင့် သာ ဖြစ်ပေါ်ရခြင်း များသည်။ မီးလောင်မည်ကို သတိမမူခြင်း၊ အလေး မထားခြင်း၊ မေ့လျော့တတ်ခြင်း တို့သည် မီးလောင်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်း တို့ဖြစ်သည်။

မီးလောင်မှု ပုံစံ အမျိုးမျိုး ရှိရာတွင် ပေါ့ဆမီးသည် အဖြစ်အများဆုံး နှင့် လူကို ဒုက္ခ အပေးနိုင်ဆုံး ဖြစ်၍ အထူး သတိပြုရန် လိုသည်။ ယခုရက်ပိုင်း တွင် မီးသတင်း များကို ကြိုးကြား ကြိုးကြား တွေ့နေရသည်။ နေအိမ် အိပ်ခန်းတွင် ခြင်ဆေးခွေ ထွန်းညှိခဲ့ရာမှ မီးစတင် လောင်ကျွမ်းသည် ဆိုသော သတင်း၊ ကလေး ကစားစရာ အရုပ်များ ဘက်ထရီခြောက် အပူလွန်ကဲရာမှ မီးလောင်သည့် သတင်း၊ ဖယောင်းတိုင် မီးထွန်းထား ရာမှ မီးလောင်သည့် သတင်း၊ ဆေးလိပ်တို မီးစွန့်ပစ်ရာမှ မီးလောင်သည့် သတင်း စသည်တို့သည် ပေါ့ဆမှုကြောင့် ဖြစ်ပေါ်ရသော မီးသတင်းများ ဖြစ်သည်။

မီးအားမြှင့်စက် အပူလွန်ကဲ ရာမှ မီးလောင်ခြင်း၊ ဝိုင်ယာရှော့ခ် ဖြစ်ရာမှ မီးလောင်ခြင်း၊ လျှပ်စစ် ရေနွေးအိုး၊ မီးပူ၊ ပေါင်းအိုးတို့မှ မီးလောင်ခြင်း၊ စတိုခန်း တစ်ခုအတွင်း သိုလှောင် ထားသော ပစ္စည်းများ အချင်းချင်း ဓာတ်ပြုရာမှ မီးလောင်ခြင်း စသည်တို့သည် စနစ်တကျ မသုံးစွဲခြင်း၊ ပေါ့ဆခြင်း တို့ကြောင့် ဖြစ်ပေါ်သော မီးလောင်မှုများ ဖြစ်သည်။

မီးလောင်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့် မီးဘေး အန္တရာယ်ကို မည်သူ တစ်ဦး တစ်ယောက်မျှ လိုလားမည် မဟုတ်ပေ။ သို့သော် စနစ်တကျ သုံးစွဲရန် သတိမမူခြင်း၊ ပေါ့ဆစွာ သုံးစွဲခြင်း တို့ကြောင့် မီးလောင်မှု ဖြစ်ပေါ် ရသည်ကို လူတိုင်း သိသော်လည်း လိုက်နာ ကျင့်ကြံမှု အားနည်း နေသည်ကိုလည်း တွေ့နေရသည်။

သို့ဖြစ်ရာ မီးဘေးကြိုတင် ကာကွယ်ရေး၊ စနစ်တကျ သုံးစွဲရေးတို့ကို မီးသတ်တပ်ဖွဲ့က တိုက်တွန်း ဆော်သြ ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်သူများ ကလည်း မီးအန္တရာယ် အသိ မီးသတိ ရှိစွာဖြင့် စနစ်တကျ လိုက်နာသုံးစွဲ ကြခြင်းဖြင့် စုပေါင်းကာကွယ် ဆောင်ရွက်မှသာ မီးအန္တရာယ်ကို ကာကွယ် နိုင်မည် ဖြစ်ပါကြောင်း အသိပေး ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment