Pages

Wednesday, September 24, 2014

ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းတွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှု မရှိသေး



ရန်ကုန် ၊ ၂၄-၉-၂၀၁၄

မြန်မာနိုင်ငံ၌ ဥရောပနှင့် အာရှ အစရှိသော ပြည်ပ နိုင်ငံများမှ လာရောက် ရင်းနှီး မြှုပ်နှံမှုများ တဖြည်းဖြည်း တိုးမြင့် လာသော်လည်း ရော်ဘာ စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းတွင် နိုင်ငံခြား ကုမ္ပဏီများမှ လာရောက် ရင်းနှီး မြှုပ်နှံခြင်း မရှိသေးကြောင်း ရော်ဘာ စိုက်ပျိုး ထုတ်လုပ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရော်ဘာပင် စိုက်ပျိုးရန် စိုက်ပျိုးမြေ နေရာ၊ မြေဈေးနှုန်း၊ ရာသီဥတု အခြေအနေ အလုပ်သမား ခများ၊ ရော်ဘာခြံ စိုက်ပျိုး ရာတွင် လိုအပ်သည့် အခြားသော အခြေအနေ၊ အချက် အလက်များ စသည်တို့နှင့် ပတ်သက်၍ မလေးရှား၊ စင်ကာပူ နှင့် ကိုရီးယား စသည့် နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင် များက လာရောက် လေ့လာ စုံစမ်းမှုများ ရှိခဲ့သော်လည်း ယခု အချိန်ထိ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းတွင် ပြည်ပ ရင်းနှီးမြှုပ်နှံ သူများ မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိ လာရောက် ရင်းနှီးမြှုပ်နှံ ကြသော လုပ်ငန်းရှင် အများစုသည် ငွေကြေး မြန်ဆန်စွာ လည်ပတ် နိုင်သော လုပ်ငန်းများ ၌သာ စိတ်ဝင်စား ကြသဖြင့် နှစ်ရှည် မြှုပ်နှံမှု ဖြစ်သော ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ရင်းနှီးမြှုပ်နှံ ထားပြီးမှ အကျိုးအမြတ် စတင် ခံစားရမည့် ရော်ဘာ စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းတွင် စိတ်ဝင်စားမှု နည်းပါး ကြကြောင်း ရော်ဘာခြံ စိုက်ပျိုးရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းမှ လုပ်ငန်းရှင်များ ကသာ ရော်ဘာ လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ကြပြီး ထွက်ရှိလာသော ရော်ဘာများ၏ ၁ဝ ရာခိုင်နှုန်း ခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုကာ ကျန် ရော်ဘာများကို ပြည်ပ နိုင်ငံများ သို့ ရော်ဘာ ကုန်ကြမ်းများ အဖြစ် တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment