Pages

Sunday, September 7, 2014

ကမ္ဘာ့အလယ် ၀င့်ထည်စေဖို့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်


ကမ္ဘာ့အလယ် ၀င့်ထည်စေဖို့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်

( အယ်ဒီတာ့အာဘော် )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ယဉ်ကျေးမှု ဝန်ကြီးဌာန သည် ယဉ်ကျေးမှု အမွေအနှစ် များကို ကာကွယ် ထိန်းသိမ်း နိုင်ရန်အတွက် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေနှင့် အညီ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄၆ ခုကို ရှေးဟောင်း နေရာ တည်ရှိရာဇုန်၊ ကာကွယ် ထိန်းသိမ်း ထားသောဇုန် နှင့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် ဟူ၍ သတ်မှတ် ထိန်းသိမ်းလျက် ရှိသည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် သတ်မှတ်သည့် ကာလအလိုက် ဆိုသော် ၁၉၉၉ ခုနှစ်တွင် လေးခု၊ ၂ဝဝ၁ ခုနှစ် နှင့် ၂ဝဝ၇ ခုနှစ် တို့တွင် တစ်ခုစီ၊ ၂ဝဝ၈ ခုနှစ်တွင် ၁၃ ခု၊ ၂ဝဝ၉ ခုနှစ်တွင် ၁၂ ခု၊ ၂ဝ၁ဝ ပြည့်နှစ် တွင် သုံးခု၊ ၂ဝ၁၂ ခုနှစ်တွင် ကိုးခု၊ ၂ဝ၁၃ ခုနှစ်တွင် သုံးခု ရှိကြောင်း တွေ့ရသည်။ ၂ဝ၁၃ ခုနှစ်တွင် ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ခဲ့သော သုံးခုမှာ ဇုန် အမျိုးအစား သုံးခုစလုံး အကျုံးဝင်ပြီး ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ် ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ သတ်မှတ်နေရာ စာရင်းမဝင် သော်လည်း အချို့ဒေသ များ၌ ရှေးဟောင်း လက်ရာ ပစ္စည်းများ မြေအောက်မှ တွေ့ရှိ ရသည့် နေရာများ ရှိကြောင်း တွေ့ရသည်။ 

မကွေးတိုင်း ဒေသကြီး အတွင်း ဧရာဝတီမြစ် အနောက်ဘက် တွင် တည်ရှိသော ပွင့်ဖြူမြို့နယ် တွင် အုတ်ဖုတ်ရန် မြေတူးရာမှ ရှေးဟောင်း ဆင်းတုတော် များနှင့် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိ ရသဖြင့် ဇွန် ၂၃ ရက်တွင် နေပြည်တော် ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနသို့ လာရောက် အပ်နှံခဲ့ ကြသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များသည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များအား ဆွဲဆောင်ရာတွင် အဓိက အခန်းကဏ္ဍ၌ တည်ရှိ နေသဖြင့် တိုင်းရင်းသား ပြည်သူ အားလုံးတို့က ဝိုင်းဝန်း ထိန်းသိမ်း ကြရမည် ဖြစ်သည်။

ယနေ့အချိန် တွင် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သည် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံ အတွင်းသို့ လွယ်ကူ ချောမွေ့စွာ ဝင်ရောက် လည်ပတ် နိုင်ရေးအတွက် ကနဦး အဆင့် အနေဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ e-Visa ဖြင့် ဝင်ရောက်ခွင့်ကို စက်တင်ဘာ ၁ ရက်မှ စ၍ ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက် လိုသော နိုင်ငံခြား ခရီးသွား ဧည့်သည် များသည် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ရေဆိပ် နှင့် နယ်စပ် ဝင်/ ထွက်ပေါက် များမှ ဝင်ရောက် လာကြရာတွင် ကမ္ဘာလှည့် ဗီဇာ၊ လုပ်ငန်း ဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်း ဗီဇာ၊ သံတမန် ဗီဇာ၊ အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ ဟူ၍ ခြောက်မျိုး ခွင့်ပြု ပေးလျက် ရှိသည်။ မြန်မာ နိုင်ငံသည် အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ ( ICAO ) အဖွဲ့ဝင် နိုင်ငံ ဖြစ်သဖြင့် ဆိုက်ရောက် ဗီဇာ စနစ်အရ ခရီးသည် တစ်ဦးအတွက် စစ်ဆေးရန် ကြာမြင့်ရမည့် အချိန် သတ်မှတ်ချက် နှင့် အညီ ဆောင်ရွက်ရန် အခက်အခဲ ရှိသဖြင့် ကမ္ဘာလှည့် ဗီဇာကို e-Visa စနစ်ဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။ e-Visa စနစ်ဖြင့် မြန်မာနိုင်ငံ အတွင်းသို့ စတင် ဝင်ရောက်သည့် နေ့မှစ၍ ၂၈ ရက် နေထိုင်ခွင့် ရှိပြီး နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ပေးမည် မဟုတ်ကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး သမိုင်း တစ်ခေတ်ဆန်း သစ်ချိန်တွင် ကမ္ဘာ့ အလယ်၌ မြန်မာတို့ ဝင့်ထည် ဂုဏ်ယူ နိုင်စေရန်မှာ မဟောင်း နိုင်သော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များအား ပြည်သူ အားလုံးက ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် ကြရမည် ဖြစ်ပေသည်။ ။

#Themyawadydaily

No comments:

Post a Comment