Pages

Saturday, September 27, 2014

ကမ္ဘာ့ခရီးသွားလုပ်ငန်း နှင့် ဧည့်လမ်းညွှန်


ကမ္ဘာ့ခရီးသွားလုပ်ငန်း နှင့် ဧည့်လမ်းညွှန်

ကမ္ဘာ့နိုင်ငံ အသီးသီးက စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်း စွမ်းဆောင်ကြ ရာတွင် သဘာဝသ ယံဇာတများကို ထုတ်ယူ သုံးစွဲခြင်းထက် မီးခိုး မထွက်သော ခရီးသွား စီးပွားရေးသို့ ဦးတည် လုပ်ဆောင် လာကြပြီ ဖြစ်သည်ကို တွေ့ရသည်။ တွင်းထွက် သယံဇာတတို့ မည်သည် ထုတ်ယူပါ များလျှင် ကုန်ဆုံးသွား တတ်သည်။ ခရီးသွား လုပ်ငန်းတို့ မည်သည် ဝန်ဆောင်မှု ကောင်းလျှင် ကောင်းသလောက် အကျိုးစီးပွား ဖြစ်ထွန်း နိုင်သည်။

နိုင်ငံ အများအပြားက မိမိတို့နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ တစ်နှစ်ထက် တစ်နှစ် ပိုမိုလာရောက် လည်ပတ်စေရန် အကောင်းဆုံးသော ဝန်ဆောင်မှုများ၊ အကောင်းဆုံးသော ဆွဲဆောင်မှု များဖြင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးကို အရှိန် မြှင့်တင်လျက်ရှိနေကြသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေသော နိုင်ငံများ အများအပြား ရှိနေ သောကြောင့် စီးပွားရေး လုပ်ငန်းအဖြစ် နိုင်ငံအများက စိတ်ဝင်စား ကြသည်။ ထို့ကြောင့် စက်တင် ဘာ ၂၇ ရက်နေ့ကို ကမ္ဘာ့ ခရီးသွား လုပ်ငန်းနေ့ အဖြစ် သတ်မှတ်ကာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး လာစေရန် လုပ်ဆောင်လျက် ရှိကြသည်။

နေရာဒေသ တိုင်းပြည် တစ်ခုထဲတွင် ထိုသို့ ခရီးသွားတို့ စိတ်ဝင်စားသည့် အရာများသည် ခရီးသွား တို့ကို ဆွဲဆောင် နိုင်သော အရည်အချင်းရှိ ရောင်းကုန်များ ဖြစ်သည်။ ထို ရောင်းကုန်များကို ဝယ်သူ ခရီးသွားတို့ နှစ်ခြိုက်မှု ရှိစေရန်၊ ဈေးကွက်ဝင်ရန် ပြုစုမွမ်းမံမှုများ ထပ်မံ လုပ်ဆောင်၍ အပြိုင်အဆိုင် ဈေးခေါ်လျက် ရှိနေသည်။ ထို ရောင်းကုန်များတွင် သဘာဝ အနေအထား ဂေဟစနစ် ဆိုင်ရာ ပြီးပြည့်စုံခြင်း နှင့် ယဉ်ကျေးမှု ကုံလုံ ကြွယ်ဝခြင်း တို့သည် ရှားပါး ရောင်းကုန်များ ဖြစ်သည်။ ထို ရှားပါး ရောင်းကုန် များသည် မြန်မာနိုင်ငံ၌ ပေါကြွယ်ဝလျက် ရှိသောကြောင့် ကမ္ဘာလှည့် ခရီးသွားတို့ စိတ်ဝင်စားမှု များပြား၍ တစ်နှစ်ထက် တစ်နှစ် လာရောက် လည်ပတ်သူ တိုးပွား လာလျက်ရှိနေသည်။ 

တိုင်းရင်းသား လူမျိုးကြီး (၈) မျိုးသည် တိုင်းနှင့် ပြည်နယ် (၁၄)ခုတွင် လူမျိုးစု ၁၃၅ မျိုးခန့် အဖြစ် မိမိတို့ ဓလေ့ထုံးစံ ယဉ်ကျေးမှု ရိုးရာအလိုက် ငြိမ်းချမ်းစွာ၊ ပျော်ရွှင်စွာ နေထိုင် စားသောက်နေမှု များသည် ကမ္ဘာလှည့် ခရီးသွားတို့ကို အထူး ဆွဲဆောင်လျက် ရှိသည်။

ထို့ကြောင့် မြန်မာပြည်ရှိ ပြတိုက်ကြီးများ တွင် တိုင်းရင်းသား လူမျိုးများ အကြောင်းကို ရိုးရာ ဝတ်စုံဓလေ့၊ အသက်မွေး ဝမ်းကျောင်း၊ အသုံးအဆောင ပစ္စည်းနှင့် တွဲ၍ ပြသထားခြင်း များကို အထူးဂရုစိုက်၍ ပြည့်စုံစွာ ပြသ ထားနိုင်ရေး စီစဉ် ထားရှိရန် လိုသည်။ ထို့အတူ ထိုပြသ ထားသည့် ပြည်ထောင်စု တိုင်းရင်းသားများ ၏ အကြောင်း၊ တိုင်းပြည်နှင့် လူမျိုးစုများ အကြောင်း၊ သမိုင်းအကြောင်း အရာများကို ဧည့်လမ်းညွှန် တို့ကလည်း ပြည့်စုံစွာ ရှင်းလင်းပြသ နိုင်ရေး ကြိုးစား ကြရန် လိုသည်။

ကမ္ဘာလှည့် ခရီးသွားများသည် နိုင်ငံတစ်ခုသို့ အပန်းဖြေ ကြည့်ရှုရန် ရောက်ရှိ လာသည့်အခါ ဧည့်လမ်းညွှန် ကို အားကိုး၍ သွားလာ လေ့လာကြ ရသည်။ ဧည့်လမ်းညွှန် များသည် ကမ္ဘာလှည့် ခရီးသွား များကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်မှု အပေါ် မူတည်၍ နိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် စိတ်ဝင်စားမှု ကို မြင့်တက်ခြင်း၊ လျော့ကျခြင်းကို ဖြစ်စေ နိုင်သည်။ ထို့ကြောင့် ယနေ့ကာလ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ လမ်းညွှန်များ၏ အရည်အသွေး နှင့် အရည်အချင်း များ ဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးစား သွားကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment