Pages

Tuesday, September 2, 2014

အသံလွှင့် မီဒီယာများမှ အသုံးပြုသော တေးသီချင်းများ အတွက် ရပိုင်ခွင့်များ တောင်းခံသွားရန် စီစဉ်



ရန်ကုန် ၊ ၂-၉-၂၀၁၄

မြန်မာနိုင်ငံရှိ ရုပ်သံလွှင့် ဌာနများ အပါအဝင် အသံလွှင့် မီဒီယာများမှ အသုံးပြု ထုတ်လွှင့်သော တေးသီချင်း များနှင့် ပတ်သက်ပြီး ရပိုင်ခွင့် များကို စနစ်တကျ တောင်းခံ သွားရန် သက်ဆိုင်ရာ ဂီတ အစည်းအရုံးမှ
စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရုပ်သံလွှင့် ဌာနများနှင့် ရှိုးပွဲများတွင် အသုံးပြုသော တေးသီချင်းများ အတွက် သီချင်း အသုံးပြုခများ ရရှိ သော်လည်း ပုဂ္ဂလိက အသံလွှင့်ဌာန အများစု မှ ထုတ်လွှင့် အသုံးပြုသော တေးသီချင်း များအတွက် သီချင်း အသုံးပြုခများ မရရှိ သဖြင့် ထို သီချင်းများ အတွက် ရပိုင်ခွင့် များ တောင်းခံ သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မြန်မာနိုင်ငံ ဂီတလောက ရဲ့ လက်ရှိ အခြေအနေ က တေးသီချင်းခွေ ထုတ်တဲ့ အဆိုတော် အများစုဟာ အရှုံးပြ နေတာ များတယ်။ သီချင်းခွေ ထုတ်လို့ အရင်းရတယ် ဆိုတဲ့ အဆိုတော် ဆိုတာ နာမည်ကြီးပြီး ကံကောင်း လို့ပဲ။ ခိုးကူးခွေ တွေကြောင့် လည်းပါတယ်။ မြန်မာ့ ဂီတလောက ဆက်လက် ရပ်တည်ဖို့ ဆိုတာ အသံလွှင့် မီဒီယာတွေ ကိုပဲ အားကိုး ကြရမှာပါ။ အဲဒါကြောင့် အသံလွှင့် ဌာနတွေ က တေးသီချင်းတွေ အသုံးပြု နေတာနဲ့ ပတ်သက်ပြီး ရသင့်တဲ့ အခကြေးငွေကို စနစ်တကျ တောင်းခံ သွားဖို့ အတွက် ဂီတ အစည်းအရုံး အနေနဲ့ စီစဉ် ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

နိုင်ငံတကာ တွင် အဆိုတော် များသည် ၄င်းတို့၏ ကိုယ်ရေး ကိုယ်တာ ပိုင်းဆိုင်ရာ ရှေ့နေများ ထားရှိခြင်းနှင့် ၄င်းတို့ ကိုယ်တိုင် ကလည်း ရပိုင်ခွင့်များကို တောင်းခံခြင်း နှင့် ပတ်သက်၍ ဂဃနဏ သိထားခြင်း တို့ကြောင့် အဆိုပါ ကိစ္စများတွင် အခက်အခဲ မရှိသော်လည်း မြန်မာနိုင်ငံမှ အဆိုတော်များ၊ ဂီတပိုင်း ဆိုင်ရာမှ လူအများစုမှာ ထိုကဲ့သို့သော ဗဟုသုတမျိုး ပြည့်ပြည့်ဝဝ မရှိကြ သေးသည့် အတွက် ဂီတ အစည်းအရုံးမှ ယခုလို ကြား ဝင် ဆောင်ရွက် ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ 

လက်ရှိ ရုပ်သံလွှင့် ဌာနများနှင့် ရှိုးပွဲများမှ ရရှိသော တေးသီချင်း အသုံးပြုခ များကို ခွဲဝေရာတွင် တေးရေး ၂၅ ရာခိုင်နှုန်း၊ တေးဆို ၂၅ ရာခိုင်နှုန်း၊ တီးခတ်သူ ၂၅ ရာခိုင်နှုန်း၊ အသံဖမ်း ၁၅ ရာခိုင်နှုန်း နှင့် ထုတ်လုပ်သူ ၁ဝ ရာခိုင်နှုန်း စသည်ဖြင့် သတ်မှတ်ကာ အချိုးကျ ခွဲဝေခြင်းများ ပြုလုပ် ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment