Pages

Friday, September 26, 2014

မတော်တဆမှုအန္တရာယ် ရှေးဦးပြုစု စောင့်ရှောက်ပေး


မတော်တဆမှုအန္တရာယ် ရှေးဦးပြုစု စောင့်ရှောက်ပေး

ယခုအခါ မြန်မာနိုင်ငံတွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာသည်နှင့် အမျှ လမ်းသစ် ကြီးများလည်း တိုးပွားလာလျက် ရှိသည်။ ထို့အတူ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီ စသည့် ယာဉ်အမျိုးမျိုး သုံးစွဲမှု များပြား လာကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်း တို့ကြောင့် ယာဉ် မတော်တဆမှုများ များပြား လာရသည်။

ထိုသို့ အမြို့မြို့ အနယ်နယ် ၌ ယာဉ် မတော်တဆမှုများ ပိုမိုများပြား လာခြင်းနှင့် အတူ ထိခိုက် ဒဏ်ရာရ သူများနှင့် အသက်ဆုံးရှုံး ရသူများလည်း များပြားလျက် ရှိသည်။ ဝမ်းနည်းဖွယ်ရာ တစ်ခုမှာ ဆေးရုံသို့ အရောက် နောက်ကျခြင်း၊ အချိန်မီ ပြုစုကုသမှု မရရှိခြင်း တို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံး ကြရခြင်း တို့ ဖြစ်သည်။

မည်သည့် နေရာတွင်မဆို ယာဉ် မတော်တဆမှု ဖြစ်ပါက ဝိုင်းဝန်း ကူညီ စောင့်ရှောက်မှု လိုအပ်သည်။ ယာဉ် မတော်တဆမှု ဖြစ်သည်နှင့် ဦးစွာပထမ ရှေးဦး ပြုစုနည်းဖြင့် ကုသ စောင့်ရှောက် ပေးရန် လူတိုင်းတွင် တာဝန် ရှိသည်။ မိမိတို့ နားလည် တတ်စွမ်းသမျှ၊ တတ်ကျွမ်း သမျှတို့ဖြင့် ရှေးဦးပြုစု စောင့်ရှောက် ပေးရန် လိုပေသည်။

မိမိကိုယ်တိုင် ရှေးဦး ပြုစုခြင်း မလုပ်ကိုင်တတ် စေကာမူ ရှေးဦးပြုစုမှု တတ်ကျွမ်းသူ ကြက်ခြေနီများ၊ လူငယ် စေတနာ့ ဝန်ထမ်းများ၊ လူမှု ကယ်ဆယ်ရေး အဖွဲ့များ နှင့် အမြန်ဆုံး ဆက်သွယ် ပေးသည့် အလုပ်ကို လုပ်ကိုင် ပေးခြင်းဖြင့်လည်း ကူညီ စောင့်ရှောက် ပေးရာ ရောက်သည်။

မည်သို့ပင် ဖြစ်စေကာမူ ကူညီ စောင့်ရှောက်ရေး အလုပ်သည် မွန်မြတ်သော အလုပ် ဖြစ်သည်။ လူတိုင်း လူတိုင်းတွင် မတော်တဆမှု ဆိုသည်မှာ အချိန်မရွေး ဖြစ်ပေါ် နိုင်သည်။ ဖြစ်လည်း ဖြစ်တတ်သည်။ မိမိ၏ ကူညီ စောင့်ရှောက် ပေးမှုကြောင့် လူတစ်ဦး တစ်ယောက် အသက် ချမ်းသာရာ ရရှိသွား မည်ဆိုပါက အကျိုး ကျေးဇူးသည်ကား လွန်စွာကြီးမား လှသည်။

တခြားသူ တစ်ဦး တစ်ယောက် အသက်အန္တရာယ် အခက်အခဲများ နှင့် ကြုံတွေ့ နေချိန်တွင် မသိ ကျိုးကျွန်ပြု နေမည့်အစား နှုတ်၏ ပြောဆို ကူညီခြင်း၊ လက်၏ ပြုစု စောင့်ရှောက် ပေးခြင်းတို့ဖြင့် ကူညီမှု ပေးမှသာ လူထဲမှာ နေသော လူသား တစ်ယောက် အဖြစ် ရပ်တည် နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ ယခုကဲ့သို့ ယာဉ် မတော်တဆမှုများ တိုးပွား လာချိန်တွင် လူတိုင်းလူတိုင်း အနေဖြင့် ကူညီ ရိုင်းပင်းသော စိတ်ဓာတ်များ မွေးမြူကာ ကူညီ စောင့်ရှောက် ပေးကြမည် ဆိုလျှင် အချိန်မီ ကုသ ပေးနိုင်ခြင်း ကြောင့် သေဆုံးမှုများ လျော့နည်း လာမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment