Pages

Tuesday, September 30, 2014

ထိန်းသိမ်းသင့်ပေ မြန်မာ့ယဉ်ကျေးမှု အမွေ


ထိန်းသိမ်းသင့်ပေ မြန်မာ့ယဉ်ကျေးမှု အမွေ

မြန်မာနိုင်ငံသည် မြေပေါ် မြေအောက် သယံဇာတ အရင်းအမြစ် ပေါများစွာ တည်ရှိသည့် အပြင် တန်ဖိုးမဖြတ် နိုင်သည့် ရှေးဟောင်း လက်ရာစေတီ၊ ပုထိုးစသည့် သာသနိက အဆောက်အအုံ များစွာ တည်ရှိ သောကြောင့် ကမ္ဘာ့နိုင်ငံများ အလယ်တွင် ဂုဏ်ယူ ဝင့်ကြွားစွာ တည်ရှိ နေနိုင်ခြင်း ဖြစ်သည်။

အဆိုပါ သာသနိက အဆောက်အအုံ ရှေးဟောင်း လက်ရာများက ကမ္ဘာလှည့် ခရီးသွားများကို အဓိက ဆွဲဆောင်လျက် ရှိပြီး ကမ္ဘာပေါ်ရှိ ခရီးသွားများ လာရောက် လည်ပတ်မှု အများဆုံး စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေခြင်း ဖြစ်သည်။ ထို့ပြင် အိမ်သာ၍ ဧည့်လာ ဆိုသည့်အတိုင်း မြန်မာ လူမျိုးတို့၏ ရိုးသား ဖြူစင်မှု နှင့် ဖော်ရွေ ပျူငှာမှု စသည့် ချစ်စရာ ဓလေ့စရိုက် များကလည်း ခရီးသွား များကို လက်ယပ် ခေါ်နေ သကဲ့သို့ ဖြစ်သည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်ရာ ဒေသများ အနက် ပုဂံဒေသသည် ပထမ မြန်မာ နိုင်ငံတော် အဖြစ် စတင် တည်ထောင် ခဲ့သော ဒေသဖြစ်ခြင်း၊ ရှေးဟောင်း သမိုင်းဝင် အနုပညာ လက်ရာ စုံလင်လှသည့် စေတီ၊ ပုထိုး ပေါများစွာ ရှိခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း မှ မပြတ်ဝင်ရောက်ရာ ဒေသ ဖြစ်သည်။

ကမ္ဘာပေါ်တွင် မြန်မာလူမျိုး များသည် ဗုဒ္ဓ အဆုံးအမ နှင့်အညီ ဘာသာတရား လေးစား လိုက်နာသူများ ဖြစ်ပြီး ရိုးသား ဖြူစင်သည်၊ ဖော်ရွေ ပျူငှာသည် ဟူသော ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားသူ များဖြစ်သည်။ အထူးသဖြင့် အညာဒေသ ပုဂံသူ၊ ပုဂံသား တို့မှာ ရိုးသားဖြူစင် ပွင့်လင်းကြ သူများ ဟု ခရီးသွား များက မှတ်ယူထား ကြသည်။ ၄င်း ဂုဏ်ပုဒ်များနှင့် အတူ မိမိတို့ ဒေသသို့ ရောက်လာသော ပြည်တွင်း ပြည်ပ ခရီးသွား များကို အိမ်ရှင်ပီသ စွာဖြင့် တတ်နိုင်သမျှ ဧည့်ဝတ် ကျေပွန်စွာ ကူညီ စောင့်ရှောက် ကြသည်။

မြန်မာနိုင်ငံ သည် ဒီမိုကရေစီ ခရီးလမ်းသို့ လျှောက်လှမ်း လာသည်မှာ လေးနှစ်ကျော် ရှိလာခဲ့သည် နှင့်အမျှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ပွင့်လင်း မြင်သာမှု ရှိလာပြီ ဖြစ်ရာ ကမ္ဘာလှည့် ခရီးသွားများ ယခင်ကထက် ပိုမို ဝင်ရောက် လာသည်ကို တွေ့ရသည်။ နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ ရရှိသကဲ့သို့ ခရီးသွား လုပ်ငန်းကို အမှီပြု နေသော ဒေသခံ ပြည်သူများ အတွက်လည်း ပိုမို အဆင်ပြေ စေမည် ဖြစ်သည်။

ထိုကဲ့သို့ ခရီးသွားများ စဉ်ဆက် မပြတ် ဝင်ရောက် လာမှုကြောင့် ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမို အဆင်ပြေ စေသကဲ့သို့ နိုင်ငံတော် အတွက်လည်း တစ်ဖက် တစ်လမ်းမှ ဝင်ငွေတိုးပွား စေသောကြောင့် မြန်မာနိုင်ငံတွင် ရှေးဟောင်း အမွေအနှစ် ဖြစ်သော သာသနိက အဆောက်အအုံများ ရှိနေခြင်း သည်ပင် ကမ္ဘာမှာ မြန်မာဟု ဆိုရလောက်အောင် ဖြစ်နေသည်။

ထို့ပြင် ကမ္ဘာ့ အလယ်တွင် မြန်မာလူမျိုး တို့အနေဖြင့် ရိုးသား ပွင့်လင်းမှုနှင့် အရှက် အကြောက် ရှိသော လူမျိုးများ ပီပီ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ အထင်လွဲ၊ အမြင်မှား စေမည့် အပြုအမူ၊ အပြောအဆို များကို ရှောင်ကြဉ်၍ မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို သက်ဆိုင်ရာ တာဝန်ရှိ သူများက လုံခြုံစိတ်ချ စွာ သွားလာ လေ့လာနိုင်ရန် အားသွန်ခွန်စိုက် ဆောင်ရွက် ပေးကြ သကဲ့သို့ ပြည်သူများ ကလည်း မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် များကို တစ်ဖက် တစ်လမ်းမှ ထိန်းသိမ်း စောင့်ရှောက်သင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment