Pages

Sunday, September 21, 2014

ဘ၀အမြင် လောကအမြင် ဘာသာရေးအမြင် တို့ဖြင့် ရှုမြင်ဆင်ခြင်


ဘ၀အမြင် လောကအမြင် ဘာသာရေးအမြင် တို့ဖြင့် ရှုမြင်ဆင်ခြင်

မြန်မာစာပေ သမိုင်းတွင် အင်းဝခေတ်၌ ရတု၊ ကဗျာ၊ ပျို့၊ လင်္ကာ တို့ အထူး ထွန်းကားခဲ့ချိန် တွင် ရဟန်းစာဆို အကျော်အမော် များ ပေါ်ထွက်ခဲ့သည့် အနက် သဒ္ဒါမှာ ရှင်မဟာ ကစ္စည်း၊ ကဗျာမှာ ရှင်မဟာ သီလဝံသ တည်းဟူ၍ ရှေးပညာရှင်တို့ ဂုဏ်ပြု ချီးကျူးကာ မှတ်တမ်းတင် မော်ကွန်းထိုး ခဲ့သည်။ ရှင်မဟာသီလဝံသ သည် သံဝေဂပျို့ ကို စပ်ဆိုရာတွင် ဘဝအမြင်၊ လောကအမြင်၊ ဘာသာရေးအမြင် တို့ဖြင့် အနုပညာ မြောက်အောင် နိုင်နင်းစွာ ဖွဲ့ဆို ခဲ့သဖြင့် သံဝေဂပျို့သည် ဂနဝ္ထ င်မြောက် ကဗျာကြီး တစ်ပုဒ် ဖြစ်ခဲ့သည်။

သံဝေဂပျို့တွင် ''ဇာတိဖျင်းသိမ်၊ ဆုံးစည်းစိမ်ကို၊ တင်းတိမ် မွေ့လျော်၊ အလွန်ပျော်သည်၊ သူတော် သူကောင်း၊ ကျင့်ရိုး ဟောင်းတွင်၊ လမ်းကြောင်း ကျယ်စွာ၊ ရှိလိုက်သာကို၊ မနာမလိုက်၊ ဒုစရိုက်နှင့်၊ လေ၌မီးဆိုး၊ ပမာမျိုးသို့၊ အကျိုးမရှိ၊ လောကီ ချမ်းသာ၊ ဉ္စာခင်ခင်၊ ပျော်ရွှင် သောက်စား၊ မှားကြီး မှားလျက်၊ တရား လက်လွတ်၊ ငှက်တောင် ကျွတ်လျှင်၊ ကြက်ခွပ် လှိုင်းမ၊ ရေဝဲကျသို့၊ ဒါနမပြု၊ ကောင်းမှုမရ၊ သီလမရှာ၊ သည်နှယ် သာလျှင်၊ ဘာဝနာ သီတင်း၊ ကင်းကြီး ကင်း၍ '' ဟု ဖွဲ့ဆိုခဲ့သည်။

ဤကဗျာမှ တရားလက်လွတ် ငှက်တောင်ကျွတ် ဟူသော ဥပမာ စကားနှင့် ကြက်ခွပ် လှိုင်းမ ရေဝဲကျသို့ ဟူသော ဥပမာ စကားတို့သည် မျက်မှောက် ကာလတွင် တရားမရှိ သတိ ကင်းလွတ်လျက် အမှားမှား အယွင်းယွင်း လုပ်ကိုင် နေကြရ သူများအတွက် လည်းကောင်း၊ ပြုမိသော အမှားကြောင့် ဒုက္ခ စက်ကွင်းသို့ ကျဆင်းကာ ဘဝပျက် ဆုံးရှုံး သွားကြသူများ အတွက် လည်းကောင်း သံဝေဂ ရဖွယ် ဖြစ်သည်။ ထို့အတူ အမှား မပြုမိကြ သေးသူများ အနေ ဖြင့်လည်း ဆင်ခြင်တုံ တရားဖြင့် သတိထား ကြစေရန် သွန်သင် ထားသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂ဝ၁၄ ခုနှစ် မတ် ၁ဝ ရက်တွင် ဖွဲ့စည်း၍ အစိုးရ အဖွဲ့အစည်းများ အတွင်း အဂတိတရား နှင့် လာဘ်ပေး လာဘ်ယူမှုများ ကင်းရှင်းရန် ဆောင်ရွက်လျက် ရှိသည်။ ကော်မရှင် သက်တမ်း ခြောက်လအတွင်း မတ် ၁၂ ရက်မှ သြဂုတ် ၂၁ ရက်အထိ ပြည်သူတို့၏ တိုင်ကြားစာ ၅၃၃ စောင် လက်ခံ ရရှိခဲ့ပြီး သတ်မှတ်ချက် နှင့် ကိုက်ညီသော တိုင်ကြားစာ သုံးစောင်ကို စုံစမ်းစစ်ဆေး တရားစွဲဆို အရေးယူခဲ့ပြီး ဖြစ်သည်။ တိုင်ကြားစာ များတွင် မြေယာကိစ္စ ၁၇ဝ၊ တရားစီရင်ရေး ကိစ္စ ၉၅၊ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စ ၂၃၈ နှင့် အထွေထွေ ကိစ္စ ၃ဝ တို့ဖြစ်ကြောင်း ကော်မရှင်က သတင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ကြီး၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အပြည်ပြည် ဆိုင်ရာ စာချုပ်သို့ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် ဝင်ရောက်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် အားလျော်စွာ အဂတိ လိုက်စားမှု
တိုက်ဖျက်ရေး ကို ပြည်သူ ဗဟိုပြု သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် ဖြစ်ထွန်းရေး ရည်ရွယ်ချက် နှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်၍ ပြည်သူ့ဝန်ကို ထမ်းရသော ပြည်သူ့ဝန်ထမ်း များသည် တရားလက်လွတ် ငှက်တောင်ကျွတ် နှင့် ကြက်ခွပ် လှိုင်းမရေ ဝဲကျသို့ ဟူသော စာဆိုရှင် မဟာသီလဝံသ စပ်ဆိုခဲ့သည့် ဥပမာ စကားများကို အလေးထား မှတ်သားကာ ဘဝအမြင်၊ လောကအမြင် နှင့် ဘာသာရေး အမြင် တို့ဖြင့် ဆင်ခြင်တုံ တရား လက်ကိုင်ထား ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment