Pages

Tuesday, September 30, 2014

ကိုယ်သာလျှင် အဓိကပါ


ကိုယ်သာလျှင် အဓိကပါ

ချမ်းမြအောင်

တောင်ကိုရီးယား နိုင်ငံတွင် ဆေးလိပ် သောက်သူ ဦးရေ လျော့သွား စေရေးအတွက် စီးကရက် ဈေးကို ၈ဝ ရာခိုင်နှုန်း တိုးမြှင့်ရန် စက်တင်ဘာ ၁၁ ရက်က အဆိုပြု လိုက်သည်။ ဤသို့ စီးကရက် ဈေးကို မြှင့်တင် လိုက်လျှင် ဆေးရွက်ကြီး သုံးစွဲမှုသည် ၃၄ ရာခိုင်နှုန်း လျော့ကျပြီး တစ်နှစ်အခွန် ကောက်ခံရရှိငွေ ဝမ် ၂ ဒသမ ၈ ထရီလီယံ တိုးမြှင့် ရရှိမည် ဟုလည်း ကျန်းမာရေး ဝန်ကြီးဌာနက ဟောကိန်း ထုတ်ခဲ့သည့် သတင်း တစ်ပုဒ်ကို ဖတ်ရှု ရမိသည်။

အထက်ပါ သတင်းနှင့် မရှေးမနှောင်း ဆိုသလို မြဝတီသတင်းစာ မှာလည်း ဆေးလိပ် ဆေးရွက်ကြီး သောက်သုံးခြင်းဖြင့် ဖြစ်ပေါ်နိုင်သော ရောဂါ အန္တရာယ် သတိပေး နှိုးဆော်ချက် တစ်စောင်ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ခဲ့သည်။ ၄င်း နှိုးဆော်ချက် ထဲတွင် ကိုယ်တိုင် ဆေးလိပ် သောက်ခြင်း၊ သူတစ်ပါး ဆေးလိပ်ငွေ့ကို ရှူရခြင်းနှင့် ဆေးပါသော ကွမ်းစားခြင်း တို့ကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်း ကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် ကင်ဆာအမျိုးမျိုး၊ နှလုံး သွေးကြောကျဉ်း၊ သွေးကြောပိတ်၊ ဦးနှောက် သွေးကြောပိတ် ၍ လေဖြတ်ခြင်း၊ အဆုတ်ပွ ရောဂါ၊ ပြင်းထန်သည့် သွေးတိုးရောဂါ၊ ခြေပုပ်လက်ပုပ် ရောဂါနှင့် ပန်းသေရောဂါ စသည်တို့ ဖြစ်ပွား နိုင်ကြောင်း ဖော်ပြ ပါရှိသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ( WHO ) ၏ အစီရင်ခံစာ အရ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ် သောက်ခြင်းကြောင့် လူဦးရေ ခြောက်သန်းခန့် နှစ်စဉ် သေဆုံးလျက် ရှိသည်။ ၄င်းတို့အနက်မှ ငါးသန်းကျော်မှာ ဆေးလိပ် သောက်သုံးသူများ ဖြစ်ပြီး ခြောက်သိန်းကျော် မှာမူ တစ်ဆင့်ခံ ဆေးလိပ် သောက်သုံးသူများ ဖြစ်ကြသည်။ ယင်း အစီရင်ခံစာ မှာပင် ကမ္ဘာပေါ်တွင် ရှိသည့် ကလေး စုစုပေါင်း၏ ၄ဝ ရာခိုင်နှုန်း၊ ဆေးလိပ် မသောက်သူ အမျိုးသား ၃၃ ရာခိုင်နှုန်းနှင့် ဆေးလိပ် မသောက်သူ အမျိုးသမီး ၃၅ ရာခိုင်နှုန်း တို့သည် တစ်ဆင့်ခံ ဆေးလိပ် သောက်သုံးခဲ့ သူများ ဖြစ်ကြပြီး ဆိုးကျိုးများ ခံစား နေကြရသည်ဟု သိခဲ့ရသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂ဝဝ၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်း ဥပဒေကို အသက်သွင်းရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာန က ယမန်နှစ် နှစ်ကုန်ပိုင်းမှ စ၍ ဆေးလိပ် သောက်သုံးခွင့် မရှိသော နေရာများကို ထုတ်ပြန် ကြေညာခဲ့ပြီး သက်ဆိုင်ရာ ပြစ်ဒဏ်များ ကိုပါ ဖော်ပြ ပေးခဲ့သည်။ သို့ရာတွင် ပညာပေး ကာလဖြစ်၍ အရေးယူ အပြစ်ပေး ခြင်းလည်း မရှိသေးကြောင်း သိရှိ ရပေသည်။

ဆေးလိပ် သောက်သုံးခြင်း အန္တရာယ် များကို ကျန်းမာရေး ရှုထောင့်မှ လည်းကောင်း၊ ဥပဒေရှု ထောင့်မှ လည်းကောင်း တားဆီး ကာကွယ်ခြင်း၊ ပညာပေးခြင်း မည်သို့ပင် ပြုလုပ် စေကာမူ လုံးဝ ပျောက်ကွယ် သွားမည်လား ဟူသော အဆိုကို မည်သူမျှ အာမခံချက် မပေးနိုင် သေးချေ။ ဖြစ်နိုင်ဖွယ် အချက် တစ်ချက်မှာ ဆေးလိပ်ကို သောက်သုံး သူသည် ဆေးလိပ် သောက်နေစဉ် သို့မဟုတ် ဆေးလိပ် သောက်ပြီး သည်နှင့် ''ဝုန်း''ခနဲ၊ 'ဒိုင်း''ခနဲ လဲကျသွား ခြင်းမျိုး၊ ''ရှော့ခ်'' ဖြစ်သွားခြင်း မျိုးဆိုလျှင် မည်သူမျှ သောက်သုံး ကြတော့မည် မဟုတ်ပေ။ ဆေးလိပ်ကို မြင်သည် နှင့်ပင် လန့်ဖျပ် နေပေ လိမ့်မည်။ သို့သော် ဆေးလိပ် သောက်ခြင်း၏ ဆိုးကျိုးသည် အသက်အရွယ် ရလာကာမှ ဖြစ်တတ်ကြ သဖြင့် ''အသက်ကြီးလို့ ရတဲ့ရောဂါ'' ဟုပင် ယူဆတတ် ကြသည်။ တစ်ခါတစ်ရံ ဆေးလိပ်နှင့် ဆေးရွက်ကြီးကို လုံးဝသုံးစွဲခြင်း မရှိပါဘဲလျက် ကင်ဆာအမျိုးမျိုး ဖြစ်သူများကို တွေ့လျှင် ''တွေ့လား ဆေးလိပ် မသောက်လည်း ကင်ဆာ ဖြစ်တာပဲ'' ဟု မှတ်ချက် ပေးတတ် ကြသည်။

ထို့အတူ ဆေးလိပ်နှင့် ဆေးရွက်ကြီး များကို ရေရှည် သုံးစွဲနေကြ သူများ အသက်ရှည် ခြင်းကို တွေ့ရ ပြန်လျှင်လည်း ''တွေ့လား ကျုပ်မပြော ဘူးလား သူတို့ကျတော့ ဘာဖြစ်လို့ အသက်ရှည် ကြတာလဲ'' ဟု စောဒက တက်ကြ ပြန်လေသည်။ ဆေးပါရဂူ တစ်ဦးက ''ဆူးတောထဲကို မသွားတဲ့ သူထက်၊ ဆူးတောထဲ သွားတဲ့ သူကတော့ တစ်နေ့ မဟုတ် တစ်နေ့တော့ သေချာပေါက် ဆူးစူးမှာပဲ'' ဟု ပြောခဲ့ ဖူးသည်။

ကျွန်တော်၏ မိဘနှစ်ပါးစ လုံး ဆေးလိပ် သောက်သည်။ သူငယ်ချင်း များလည်း ဆေးလိပ် သောက်သည်။ သို့သော် အဆိုပါ ကြားထဲမှ တိုးထွက် လာသော ကျွန်တော် ဘာကြောင့် ဆေးလိပ် မသောက်ဖြစ် ခဲ့သည်ကို စဉ်းစား မရအောင်ပင် ရှိခဲ့သည်။

စဉ်းစားတွေးဆ နိုင်သည့် အကြောင်း တစ်ကြောင်းကမူ ၁၉၇၂ ခုနှစ် ဝန်းကျင်က ဖြစ်သည်။ ကျွန်တော်တို့ အထက်တန်း ကျောင်းသားများ နှင့် မြို့နယ်ရှိ အထက်တန်း ကျောင်းသားများ အားလုံး  ဟောပြောပွဲ တစ်ခုသို့ သွားရောက် နားထောင် ရ၏။ ဟောပြောသူမှာ စာရေးဆရာ သိပ္ပံ မှူးတင် ဖြစ်၍ အကြောင်းအရာ မှာ ''ဆေးလိပ် အန္တရာယ် တားဆီး ကာကွယ်ရေး'' ဖြစ်သည်။ ထိုစဉ်က ငယ်ရွယ် နုပျို ဖျတ်လတ်လျက် ရှိသော ဆရာ သိပ္ပံမှူးတင် သည် မိုက်ကရိုဖုန်း ကို လည်မှာဆွဲပြီး ဇာတ်ခုံအနှံ့ ပြေးပြေး လွှားလွှား ဟောပြောသည်။ ခေတ်ဟောင်း သီချင်း ''ချစ်မိုးစွေ'' ကို တီးလုံး မပါဘဲ အသံပိုင်ပိုင် သီဆိုပြသည်။ ဆေးလိပ် သောက်ခြင်း၏ ဆိုးကျိုးကို ပြောလိုက်၊ ဤသို့ သီချင်း ဆိုလိုက်ဖြင့် ဟောပြောသည့် ဟောပြောချက် များသည် စိတ်ဝင်စား ဖွယ်ရာ ဖြစ်ပြီး နားထောင် ၍လည်း အလွန်ပင် ကောင်းသည်။ ဆရာကြီးက သူ၏ သမီးများကို စီးကရက် ခဲပြီး ပိုးပန်းကြသည့် လူငယ် များအား ''မသာလောင်း လေးတွေ'' ဆိုသော အသုံးအနှုန်း ကြောင့် တဝေါဝေါ၊ တသောသော ရယ်ကြ ရသည်။ ယနေ့တိုင် ပြန်လည် စဉ်းစား ကြည့်လျှင်လည်း ပြန်လည်၍ ကြားယောင် နေပါ သေးသည်။ ဆရာကြီးက လူငယ်များအား ဆေးလိပ် သောက်ခန်း ပါရှိသော နိုင်ငံခြား ရုပ်ရှင် ဇာတ်လိုက်များ နှင့် မြန်မာ ဇာတ်လိုက် များကိုလည်း အားကျ အတုယူ မမှားကြဖို့ မှာကြား သွားခဲ့သည် ကိုလည်း အမှတ်ရ မိသည်။

လွန်ခဲ့သော တစ်နှစ်ကျော် ခန့်က ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ ၏ ဟောပြောပွဲ သို့ တက်ရောက် နားထောင်သည့် ဆရာကြီး သိပ္ပံမှူးတင် နှင့် အင်တာဗျူး လုပ်ခဲ့သည်ကို ကြည့်လိုက် ရသည်။ ယင်း အင်တာဗျူးကို ကြည့်ရှုရင်း လွန်ခဲ့သည့် နှစ်ပေါင်း ၄ဝ ကျော်ကို ပြန်ရောက် သွားသလို ခံစားခဲ့ ရသည်။ ဆရာကြီး၏ ဆေးလိပ် မသောက်ရေး ဟောပြောချက် များသည် ဆေးလိပ်စွဲ သူတို့အား ပြတ်တောက် သွားရန် တွန်းအား တစ်ခု ဖြစ်ချင်မှ ဖြစ်နိုင် သော်လည်း ကျွန်တော် ကဲ့သို့သော ဆေးလိပ် မသောက်သေးသူ အတွက်မူ ထိရောက်သည့် အတားအဆီး တစ်ခုဟု သေချာပေါက် ပြောနိုင်သည်။

အချုပ်အားဖြင့် ဆိုပါမူ ''ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု'' ကို တားဆီး ကာကွယ်ရန် အစိုးရတွင် တာဝန်ရှိသည် မှန်သော်လည်း လက်တွေ့ မှာမူ ဆိုးကျိုး ခံစားရသူမှာ ကိုယ်တိုင်နှင့် တစ်နွယ်ငင် တစ်စင်ပါမိသားစု ဝင်များပင် ဖြစ်သည်။ သို့ဖြစ်ရာ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ကင်းဝေးစေရန် မိမိကိုယ် မိမိ ထိန်းသိမ်းရင်း မိမိ မိသားစုဝင် ၏ စံနမူနာပြ အဖြစ် ကျင့်ကြံ နေထိုင်သင့် ပါကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။ ။

#Themyawadydaily

No comments:

Post a Comment