Pages

Friday, September 26, 2014

နှလုံးရောဂါ နှင့် လေဖြတ်ရောဂါ ကာကွယ်ရေး


နှလုံးရောဂါ နှင့် လေဖြတ်ရောဂါ ကာကွယ်ရေး

နှလုံးသွေးကြော ရောဂါ၊ နှလုံးရောဂါ နှင့် လေဖြတ်ရောဂါ တို့သည် အမျိုးသမီးများ နှင့် ကလေးများ အပါအဝင် အသက်အရွယ် မရွေး ဖြစ်နိုင်သည်။ နှလုံးသွေးကြော ရောဂါကြောင့် နှစ်စဉ်လူ ၁၇ ဒသမ ၃ သန်း အသက်ဆုံးရှုံး ကြရသည်။ ထိုသူများ အနက် ၈ဝ ရာခိုင်နှုန်း သည် ဝင်ငွေ နည်းသော နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ် ရှိသော နိုင်ငံများမှ ဖြစ်ပြီး အဆိုပါ ရောဂါသည် အသက် ဆုံးရှုံးမှု များသော ရောဂါ ဖြစ်သည်။

သေဆုံးမှု အများစုသည် အလုပ်လုပ် နိုင်ဆဲ ဖြစ်သော အသက် ၇ဝ နှစ်အောက် အရွယ်များ ဖြစ်ပြီး ထိုသို့ အရွယ်မတိုင်မီ သေဆုံးမှု များကြောင့် ကျန်ရစ်သည့် မိသားစု များတွင် စီးပွားရေး၊ လူမှုရေး နှင့် စိတ်ဓာတ် ရေးရာ ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ် စေသည်။ ထိုသို့ နှလုံးနှင့် ပတ်သက်သော ရောဂါဖြစ်ပွား ရခြင်းမှာ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း၊ ကျန်းမာရေး နှင့် မညီညွတ်သည့် အစားအစာများ စားသုံးခြင်း၊ ဆေးလိပ် နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း တို့ကြောင့် ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့နှလုံး အဖွဲ့ချုပ်သည် ကမ္ဘာပေါ်တွင် နှလုံးရောဂါ နှင့် လေဖြတ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို အဖွဲ့ဝင် အဖွဲ့အစည်း ၂ဝဝ ၏ ညီညွတ်သော အင်အားဖြင့် ဝင်ငွေ နည်းသော နိုင်ငံများနှင့် ဝင်ငွေ အသင့်အတင့် ရှိသော နိုင်ငံများတွင် အဓိကထား ဆောင်ရွက် နေသည်။ ထို့အတူ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ရည်မှန်းချက် ဖြစ်သော ၂ဝ၂၅ ခုနှစ်တွင် နှလုံးသွေးကြော ရောဂါကြောင့် အရွယ်မတိုင်မီ အသက် ဆုံးရှုံးခြင်းကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ကြိုးပမ်းမှုတွင် ကမ္ဘာ့နှလုံး အဖွဲ့ချုပ်မှ ဟန်ချက်ညီ ကြိုးပမ်း နေသည်။

ထိုသို့ ကြိုးပမ်းနေသော ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံပေါင်း ၁၉၄ နိုင်ငံတွင် မြန်မာနိုင်ငံ လည်း အပါအဝင် ဖြစ်သည်။ နှလုံးသွေးကြော ရောဂါအန္တရာယ်ကို လျှော့ချရန်မှာ လူတစ်ဦးချင်း၊ အိမ်ထောင်စု တစ်စုချင်းမှ ကြိုးပမ်းရမည် ဖြစ်သည်။ သို့မှသာ ကျန်းမာသော လူ့ အသိုင်းအဝိုင်း တစ်ခုကို ဖန်တီး နိုင်မည်ဖြစ်ပြီး ကျန်းမာသည့် လူ့ အသိုင်းအဝိုင်း ကသာ တိုးတက်သည့် လူမှုစီးပွား ဘဝကို ဖန်တီး နိုင်သည်။

ထို့ကြောင့် ကျန်းမာသော နှလုံးဖြင့် သက်ရှည် ကျန်းမာ ကောင်းမွန်သော လူမှုဘဝကို ဖန်တီး နိုင်ရန် သွေးပေါင် မှန်မှန်ချိန်၍ ရောဂါရှိ၊ မရှိကို စစ်ဆေး ရမည်။ ဆေးလိပ်ကို ရှောင်ကြဉ် ရမည်။ သွေးတွင်း သကြားဓာတ်ကို အမြဲတိုင်းတာ စစ်ဆေး ရမည်။ အတန်အသင့် ပြင်းထန်သော လေ့ကျင့်ခန်း များကို တစ်နေ့လျှင် နာရီဝက်ခန့် ပြုလုပ်ရမည်။ ပြည့်ဝဆီ၊ ပုံပြောင်းဆီ နှင့် ဆား စသည့် အစားအသောက် များကို ဆင်ခြင် စားသောက် ရမည်။ ထိုသို့ ပြုလုပ် ခြင်းဖြင့် နှလုံးရောဂါ နှင့် လေဖြတ်ရောဂါ အန္တရာယ်ကို လျှော့ချ နိုင်သည်။

သို့ဖြစ်ရာ နှလုံးရောဂါ နှင့် လေဖြတ်ရောဂါ အန္တရာယ် တားဆီး ကာကွယ်ရေး အတွက် နိုင်ငံတော် မှ ဆေးဝါး ကုသခြင်း၊ ပညာပေး ဟောပြောခြင်း တို့ ဆောင်ရွက် ပေးနေရုံဖြင့် နှလုံးရောဂါ နှင့် လေဖြတ်ရောဂါ လျော့ကျ သွားမည် မဟုတ်ဘဲ ပြည်သူ တစ်ရပ်လုံးက လူတစ်ဦးချင်း အိမ်ထောင်စု တစ်စုချင်း မှ ကိုယ်ပိုင် အသိဖြင့် ဆင်ခြင်၍ ပါဝင် လာမှသာ တစ်မျိုးသားလုံး နှလုံးရောဂါ နှင့် လေဖြတ် ရောဂါ ကင်းဝေးပြီး ကျန်းမာ ကြံ့ခိုင်သည့် လူမှု အသိုက်အဝန်း ကို တည်ဆောက် နိုင်မည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။ 

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment