Pages

Thursday, August 7, 2014

ခရီးသွားများ တိုးတက်များပြား လာစေရန် နယ်စပ်ဝင်ပေါက် များ၌ e-VISA စနစ်ဖြင့် ဆောင်ရွက်ပေးမည်


ရန်ကုန် ၊ ၇-၈-၂၀၁၄

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွားများ တိုးတက် များပြား လာစေရန် နှင့် ပြည်ပ ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရာတွင် အဆင်ပြေ လွယ်ကူစေရန် အတွက် အီလက်ထရွန်နစ် ဗီဇာစနစ် ( e-VISA ) ကို နယ်စပ် ၀င်ပေါက်များ ၌ပါ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အီလက်ထရွန်နစ် ဗီဇာစနစ် e-VISA ကို ခရီးသွား ရာသီချိန် အမီ လုပ်ဆောင် နိုင်ရေး နှင့် ၀င်ရောက် လာသည့် ပြည်ပ ဧည့်သည်များ အနေဖြင့် လွယ်ကူစွာ ရရှိနိုင်ရေး အတွက် လုပ်ဆောင်ရာ လက်ရှိ အချိန်တွင် ကွန်ရက်ပိုင်းများ အနေဖြင့် ပြင်ဆင်မှု ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗီဇာစနစ် လုပ်ကိုင် ဆောင်ရွက် နိုင်မည့် အချိန်ကို စက်တင်ဘာလ ခန့်တွင် တရားဝင် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွားများ မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်ရာတွင် အဆင်ပြေ စေရန်အတွင် လုပ်ဆောင် ပေးမည့် e-VISA စနစ်ကို အပြည်ပြည် ဆိုင်ရာ လေဆိပ်များ အပြင် နယ်စပ် ၀င်ပေါက် များဖြစ်သော မြ၀တီ ၊ မူဆယ် နှင့် ကော့သောင်းမြို့ တို့၌လည်း အသုံးပြု နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

၂၀၁၃ - ၂၀၂၀ ပြည့်နှစ်အထိ မြန်မာ့ ခရီးသွား ပင်မ စီမံကိန်းအရ မြန်မာနိုင်ငံ သို့ ပြည်ပ ခရီးသွား ၀င်ရောက်မှု နှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၃ ဒသမ ၁ သန်း နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၇ သန်းအထိ ရရှိရန် ရည်မှန်း ထားကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများ ထဲတွင် လည်ပတ်ရန် အကောင်းဆုံး နိုင်ငံ အဖြစ် ပါဝင်နေသည့် အပြင် ယခုနှစ်တွင် ပျူမြို့ဟောင်း ၃ မြို့မှာလည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရ သဖြင့် ပြည်ပ ခရီးသွားများ ပိုမို များပြားစွာ ၀င်ရောက် နိုင်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင် သူများက သုံးသပ် ထားကြောင်းလည်း သိရှိရသည်။

ကံထူး

#Themyawadydaily

No comments:

Post a Comment