Pages

Monday, August 11, 2014

တမုတ်မြို့ဟောင်း ရှင်ပင်ရွှေဂူကြီး ဘုရားမှ ရှေးဟောင်း သုံးထပ်ဘုရား အား ဖူးမြော်သူ များပြား



ကျောက်ဆည် ၊ ၁၁-၈-၂၀၁၄

ကျောက်ဆည် မြို့နယ် ကြောင်ပန်းကုန်း ကျေးရွာအနီး တမုတ်မြို့ဟောင်း ရှင်ပင် ရွှေဂူကြီး ဘုရားသို့ လာရောက် ဖူးမြော် လေ့လာ သူများသည် စေတီတော် ကြီး တစ်ဆူလုံးတွင် ဆန်းကြယ် လှပ၍ အနုစိတ် လှသည့် ပုဂံခေတ် ပန်းတော့ လက်ရာမွန် များကို ကြည့်ရှုကာ ရင်သပ် ရှုမော အံ့သြမှု ဖြစ်ကြသည့် နည်းတူ ဂူဘုရား ကြီး၏ အနောက် တောင်ထောင့်တွင် ဖူးမြော် တွေ့ရှိ ရသည့် သုံးထပ် ဆင်းတုတော် ကြီးကိုလည်း အထူး စိတ်ဝင်စား ကြကြောင်း သိရသည်။

တမုတ် ရွှေဂူကြီး ဘုရားအား တူးဖော်စဉ်က ဂူဘုရားကြီး ၏ အနောက် တောင်ထောင့် တွင် အလျား ၃၆ ပေ၊ အနံ ၁၂ ပေ ရှိသည့် အုတ်ရိုး အတွင်းမှ ကျောချင်းကပ် အုတ်ရိုး ဆင်းတုတော် နှစ်ဆူ ပေါ်ထွန်း လာခဲ့ကြောင်း၊ ထို အဆောက်အအုံ ၏ ကြမ်းပြင်သည် လက်ရှိ မြေပြင်အောက် ငါးပေ အနက်တွင် တည်ရှိ နေကြောင်း၊ အောက်ခံ ကြမ်းပြင် နှင့် ဆင်းတုတော် များမှာလည်း သုံးဆင့် သုံးထပ်စီ ရှိနေကြောင်း သိရသည်။

အဆိုပါ သုံးထပ် ဆင်းတုတော် များမှာ တစ်မျိုး တစ်ဘာသာ အမြင် ထူးခြား နေသဖြင့် ဘုရားဖူး လာရောက်သူ များအားလုံး စိတ်ဝင်စားစွာ ဖူးမြော် လေ့လာ ကြကြောင်း သိရသည်။

''တမုတ်မြို့ဟောင်း ဒေသက ရွှေဂူကြီး ဘုရားနဲ့ ရှင်ပင် ရွှေဆပ်သွား ဘုရားတို့ ဖူးမြော်ရတော့ ရှေးက ပုဂ္ဂိုလ်တွေ အပေါ် လေးစား ကြည်ညိုစိတ် ဖြစ်မိတယ်။ သူတို့ တစ်တွေက ဟောင်းနွမ်း ယိုယွင်းတဲ့ ဘုရားတွေကို ကြည်ညိုဖွယ် ဖြစ်အောင် ပြင်ဆင် ခဲ့ကြ တာပဲ။ ဒါပေမဲ့ ရှေ့က ကုသိုလ်ရှင် ပုဂ္ဂိုလ် တွေရဲ့ မူလ လက်ရာ တွေကို ဖျက်ဆီး မပစ်ဘူး။ မူလလက်ရာ အတိုင်းထားပြီး ပိုကြီးမားအောင် အပေါ်က လွှမ်းငုံ တည်ထား တာမျိုးပဲ လုပ်ခဲ့ ကြတယ်။ သူတို့ ကျေးဇူးကြောင့် မူလလက်ရာ တွေအတိုင်း မပျက်မစီး ဖူးမြော်ခွင့် ရကြတယ်။ အခုခေတ်မှာ ဘုရားပြင် တာတွေ လုပ်ကြတယ်။ ရှေးဟောင်း ယဉ်ကျေးမှု တန်ဖိုး၊ သမိုင်း တန်ဖိုးကို နားမလည်ဘဲ မူလလက်ရာ တွေကို အပျက်အစီး တွေပဲဆိုပြီး အကုန် ဖျက်ဆီး ပစ်ပြီး အသစ် ပြန်လုပ်တာ တွေရှိတယ်။ ဒီလို မသိ နားမလည်ဘဲ မဆင်မခြင် ပြင်ဆင်မှုတွေ လုပ်ခဲ့တဲ့ အတွက် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ အတော်များများ မပျက်စီး သင့်ဘဲ ပျောက်ဆုံး ပျက်စီး ခဲ့ရတာပါ ... '' ဟု ရှေးဟောင်း ယဉ်ကျေးမှု မြတ်နိုးသူ ဘုရားဖူး တစ်ဦးက ပြောပြသည်။

ရှင်ပင် ရွှေဂူကြီး ဘုရားတွင် ကိန်းဝပ်လျက် ရှိသည့် သုံးထပ်ဘုရား အား လေ့လာ ကြည့်ရာတွင် အရှေ့ဘက်လှည့် ဆင်းတုတော်ကြီး အတွင်းဆုံး အထပ်ရှိ ရုပ်ပွားတော် မှာ အနော်ရထာမင်း လက်ထက် ဂုတ္တခေတ်ဟန်၊ ၁၁ ရာစု ဆင်းတုတော် ဖြစ်ပြီး အလယ်ဆင်းတု တော်မှာ ပါလခေတ် ဟန် ကျန်စစ်သား နှင့် စောလူးမင်း တို့လက်ထက် ၁၂ ရာစု နှောင်းပိုင်း လက်ရာ ဖြစ်ကြောင်း၊ အပေါ်ဆုံး ဆင်းတုတော် မှာမူ ၁၃ ရာစု လက်ရာ ဖြစ်သော်လည်း ၁၂ ရာစု လက်ရာအချို့ ပါဝင် နေသည်ဟု ယူဆ သတ်မှတ် ထားကြောင်း၊ ဆင်းတုတော် အားလုံး တွင် မြေမီးဖုတ် ခရုခေ ဆံတော်များ စိုက်ထူ ထားကြောင်း သိရသည်။

တမုတ် မြို့ဟောင်းရှိ ရှင်ပင် ရွှေဂူကြီး ဘုရားသည် ပုဂံခေတ် အနုပညာ လက်ရာမွန်များ၊ ပင်းယခေတ် လက်ရာများ နှင့် ပျူခေတ် ယဉ်ကျေးမှု အဆောက် အအုံများ တည်ရှိ နေသဖြင့် SITE MUSEUM အဖြစ် ဖန်တီး ထိန်းသိမ်း ပြသ ထားကြောင်း သိရသည်။ (၁၇ဝ)

#Yadanarpondaily

No comments:

Post a Comment