Pages

Tuesday, August 12, 2014

အနာဂတ် သားကောင်းပန်းခင်း


အနာဂတ် သားကောင်းပန်းခင်း

မည်မျှပင် အဆင်းအနံ့နှင့် ပြည့်စုံသော ပန်းပင် ဖြစ်စေကာမူ ချုံနွယ်ပိတ်ပေါင်း တို့အလယ် ပေါက်ရောက် နေပါက လှပ တင့်တယ်ခြင်း မရှိ၊ ပန်းပင်များကို ငယ်စဉ် ကတည်းက ရေလောင်း ပေါင်းသင် မြေဆွ ပေးနိုင်ပါမှ ကောင်းစွာ ရှင်သန် ကြီးထွား နိုင်၏။ ကောင်းစွာ ပွင့်နိုင်၊ သီးနိုင် ကြ၏။ ရှုပ်ထွေး ပတ်မြုံ ရစ်ပတ် နေသော ချုံနွယ်ပိတ်ပေါင်း များကို ခုတ်ထွင် ရှင်းလင်း ပေးနိုင်ပါမှ အရွက်၊ အခက်၊ အလက် တို့ဖြင့် တင့်တယ် လှပ နိုင်၏။

လူသားများ သည်လည်း ပန်းပင်များ နည်းတူ ဖြစ်သည်။ ငယ်စဉ်အခါ တတ်သင့်၊ တတ်အပ်သော အသက်မွေး ကျောင်းပညာများ သင်ယူ တတ်မြောက် ထားခြင်း မရှိလျှင် ဘဝ တစ်လျှောက်လုံး လျှောက်လှမ်း ရာတွင် ခက်ခဲ ကြမ်းတမ်း တတ်၏။ သင်တန်း များသည် လူငယ်လူရွယ် တို့အတွက် အကောင်းဆုံး၊ အလှပဆုံး ဘဝကို တည်ဆောက်ရန် ဖြတ်လမ်း များပင် ဖြစ်၏။ သင်တန်း များသည် လူငယ်လူရွယ် များအတွက် မှန်ကန် မြန်ဆန်သော အသိပညာ ဗဟုသုတများ တစ်မုဟုတ်ချင်း တိုးပွား ရရှိသွား နိုင်၏။

သင်တန်း ဟူသည် ရှေးရှေးသော ပညာရှင်တို့ အနှစ်နှစ် အလလက စုဆောင်း ထားရှိခဲ့သည့် အတတ် ပညာများ၊ ဗဟုသုတများ၊ အတွေ့အကြုံ များကို အချိန်တို အတွင်း သင်ကြား ပေးသော အလုပ်ပင် ဖြစ်၏။ သီးပင်၊ စားပင်၊ ပန်းမန် တို့သည် ငယ်ရွယ်စဉ် ရေလောင်း ပေါင်းသင် မြေဆွပေး နိုင်ပါမှ ရှင်သန်ကြီးထွား လှပ နိုင်သကဲ့သို့ လူငယ်တို့ သည်လည်း မိမိတို့ ဝါသနာပါရာ လုပ်ငန်း သင်တန်းများ တက်ရောက် သင်ယူ တတ်ကျွမ်း၍ ဘဝခရီးလမ်း ဖြောင့်ဖြူး သာယာ နိုင်မည် ဖြစ်သည်။

သို့သော် သင်တန်း တက်ရောက် သင်ယူ ထားရုံမျှဖြင့် မပြီးသေးပေ။ အောင်မြင်ရေး တံခါးပေါက် ကိုဖွင့်၍ ဘဝခရီး လမ်းဖြောင့်ဖြူး သာယာ လှပရန် လေ့ကျင့်မှု မပြတ်ရန် လိုသည်။ သင်တန်း တက်ပြီး ပြီးပြီးရော ပစ်ထားပါက အကျိုးမဲ့ တတ်သည်။ ကွန်ပျူတာ သင်တန်း တက်ထားပါက ကွန်ပျူတာ နှင့် ပတ်သက်သော နည်းပညာ အသစ်အဆန်း များကို ဆက်လက် လေ့လာ ဆည်းပူး သွားနိုင်သည်။ ကျန်သည့် သင်တန်းများ တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။

သို့ဖြစ်ရာ သစ်ပင်၊ ပန်းပင်တို့ မည်သည် ငယ်ရွယ်စဉ် အခါ ရေလောင်း ပေါင်းသင် ပြုစုပေးရ သကဲ့သို့ လူငယ်လူရွယ် များသည်လည်း ငယ်စဉ်အခါ ပညာရှာဖွေ နိုင်ရေး ပတ်ဝန်းကျင် ကောင်းဖြစ်ရန် ဖန်တီးပေး ရမည်။ အသိပညာ တိုးတက်၍ ဘဝလမ်း ချောမွေ့လှပ စေရန် ကျောင်းများ၊ သင်တန်းများ တက်ရောက် နိုင်ရန် မိဘဆရာ တို့က ဆောင်ရွက်ပေး ကြရမည်။ ထိုသို့ ဆောင်ရွက် ပြုစုမှသာ ဘဝအဆင့်ဆင့် အောင်မြင်မှု တို့ဖြင့် ပွင့်လန်း တက်ကြွ နေမည့် အနာဂတ် သားကောင်း ပန်းခင်းများ ဖြစ်ထွန်း လာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment