Pages

Wednesday, August 13, 2014

နိုင်ငံသားကောင်း ဖြစ်စေလိုသော် ဥပဒေကို လေးစားလိုက်နာ


နိုင်ငံသားကောင်း ဖြစ်စေလိုသော် ဥပဒေကို လေးစားလိုက်နာ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး အတွင်း တိုင်းရင်းသား လူမျိုး တစ်ရာကျော်တို့ စုစည်း ညီညွတ်စွာ နေထိုင်လျက် ရှိကြရာ ပြည်ထောင်စုကြီး ၏ တစ်နံ တစ်လျားရှိ နယ်စပ်ဒေသ များပါမကျန် ဆူကြုံနိမ့်မြင့် ကွာဟမှု ကျဉ်းမြောင်း၍ တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံတော် အစိုးရက ဆောင်ရွက်လျက် ရှိသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် ဘီလီယံပေါင်း တစ်ရာကျော် သုံးစွဲ၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးလမ်း ဆက်သွယ်ရေး အပါအဝင် ဖွံ့ဖြိုးရေး အတွက် လိုအပ်ချက် များကို တည်ဆောက် ပေးခဲ့သည်။

နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ပညာရည် မြင့်မားရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ တက္ကသိုလ် တစ်ခု၊ ဒီဂရီကောလိပ် နှစ်ခု၊ စက်မှုလက်မှု သင်တန်းကျောင်း နှစ်ခု၊ လူငယ်သင်တန်း ကျောင်း ၂၅ ကျောင်း တို့ကို ဖွင့်လှစ်၍ နယ်စပ်ဒေသမှ တိုင်းရင်းသား များအား နိုင်ငံတော် စရိတ်ဖြင့် သင်ကြား ပေးလျက် ရှိသည်။ ထို့အပြင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၂၉ ကျောင်းကို တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ၁၉၉၉ - ၂ဝဝဝ ပညာသင်နှစ်မှ စတင်ဖွင့်လှစ် သင်ကြား ပေးလျက် ရှိသည်။

နယ်စပ်ဒေသတွင် နေထိုင်ကြသော တိုင်းရင်းသူ အမျိုးသမီးများ အတွက် အသက်မွေး ဝမ်းကျောင်း ပညာရပ်များ သင်ယူ၍ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ထူထောင် နိုင်သည်အထိ ကျွမ်းကျင် တတ်မြောက် စေရန် အမျိုးသမီး အိမ်တွင်းမှု သက်မွေး ပညာလုပ်ငန်း သင်တန်းကျောင်း ၃၆ ကျောင်းတို့ကို တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ၁၉၉၉ - ၂ဝဝဝ ပညာသင်နှစ် မှစ၍ ဖွင့်လှစ် သင်ကြား ပေးလျက် ရှိသည်။

နိုင်ငံတော် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးလျက် ရှိရာ နယ်စပ် ကုန်သွယ်ရေး စခန်းများ တိုးချဲ့ ဖွင့်လှစ်၍ တိုင်းရင်းသား ပြည်သူများ အတွက် တစ်ဦးချင်း ကုန်သွယ်ရေး လုပ်ငန်း မှတ်ပုံတင်များ ပြုလုပ်၍ တစ်ပိုင်တစ်နိုင် ကူးသန်း ရောင်းဝယ်နိုင်ရန် စီမံ ဆောင်ရွက် ပေးထားပြီး ဖြစ်သည်။ သို့သော် တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းခြင်း၊ ကမ္ဘာ့လူသား အားလုံး လူညွန့်တုံး စေမည့် မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းဝယ်ခြင်း တို့ကို တွေ့နေရသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အခန်း(၈) နိုင်ငံသား၊ နိုင်ငံသား များ၏ မူလ အခွင့်အရေးနှင့် တာဝန်များ ပြဋ္ဌာန်းချက် အပိုဒ် ၃၄၉ ၌ နိုင်ငံသား များသည် ပြည်သူ့ဝန်ထမ်း တာဝန် ထမ်းဆောင်မှု၊ အလုပ် လုပ်ကိုင်မှု၊ ကုန်သွယ် ရောင်းဝယ် ဖောက်ကားမှု၊ စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှု၊ အတတ်ပညာ နှင့် အသက်မွေး ဝမ်းကျောင်းမှု၊ ဝိဇ္ဇာ၊ သိပံ္ပပညာ နှင့် နည်းပညာရပ်များ ရှာဖွေ ဖော်ထုတ်မှုတို့ လုပ်ကိုင် ဆောင်ရွက် ရာတွင် တူညီသော အခွင့်အလမ်း ရှိစေရမည် ဟူ၍ ပြဋ္ဌာန်း ထားသည့် အားလျော်စွာ နယ်စပ်ရေးရာ ဝန်ကြီးဌာန နှင့် ဆက်စပ် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့ များက နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး အလေးထား ဆောင်ရွက်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံသားများ၏ မူလ အခွင့်အရေးများ ပြဋ္ဌာန်း ထားသကဲ့သို့ နိုင်ငံသား များ၏ တာဝန်များကို ဥပဒေအပိုဒ် ၃၉ဝ ၌ နိုင်ငံသား တိုင်းသည် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက် လာစေရန် ကြိုးပမ်းခြင်း၊ အများ ပြည်သူပိုင် ပစ္စည်းများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း ကိစ္စရပ် များတွင် နိုင်ငံတော်အား ကူညီရန် တာဝန် ရှိသည်ဟု ပြဋ္ဌာန်း ထားသည်။

သို့ဖြစ်၍ နိုင်ငံသားကောင်း ဖြစ်လိုသော် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ တရားဥပဒေ များကို လေးစား လိုက်နာ ရမည် ဖြစ်သည်။ ဥပဒေကောင်း စေကာမူ မလိုက်နာသူ အတွက် အကျိုး မဖြစ်ဘဲ အပြစ် ဖြစ်တတ် သည်ကို အစဉ်အမြဲ သတိရှိ ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment