Pages

Tuesday, August 5, 2014

တာဝန်သိစိတ် နှင့် အောင်မြင်မှု


တာဝန်သိစိတ် နှင့် အောင်မြင်မှု

မြန်မာနိုင်ငံ၏ အစားအသောက် လုံခြုံစိတ်ချ ရမှု အနေအထားမှာ အရှေ့တောင် အာရှနိုင်ငံများ အတွင်း စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း၊ စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ FSW မှ စီမံကိန်း ညှိနှိုင်းရေးမှူး က ပြောဆိုကြောင်း သတင်းတစ်ခု၌ ဖော်ပြ ထားသည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံတွင် စိုက်ပျိုး ထုတ်လုပ် ရောင်းချနေသည့် ဟင်းသီးဟင်းရွက် သီးနှံများ အတွက် ပိုးသတ်ဆေး ပါဝင်မှု တိုင်းတာသည့် စနစ် မြန်မာနိုင်ငံတွင် မရှိသေးခြင်း၊ ယုံကြည် စိတ်ချစွာ စားသုံးနိုင်ရန် အာမခံချက် မရှိခြင်း၊ လူအများစုမှာ ရွေးချယ်စရာ မရှိဘဲ စားသုံး နေရခြင်း၊ ပြည်သူ များမှာ လှပသော၊ အရောင်ရှိသော သီးနှံများကိုသာ စားသုံး လိုကြခြင်းနှင့် ထိုသို့ လှပနေခြင်းမှာ ဓာတ်မြေသြဇာ အသုံးပြု၍ ဖြစ်ကြောင်း၊ ထိုသို့သော သီးနှံများကို ရှောင်ကြဉ် သင့်ကြောင်း အကြံပြု ထားသည် ကိုလည်း တွေ့ရသည်။

လူအများသည် သဘာဝ အရောင်ထက် ဆေးဆိုး ထားသည့် အစားအစာကို အရောင်ကြည့်၍ နှစ်သက်တတ် ကြသည်။ ပိန်ပိန်လှီလှီ သီးနှံကို မကြိုက်၊ ဖွံ့ထွားသော သီးနှံကိုသာ ကြိုက်နှစ်သက် ကြသည်။ ဤသို့ စားသုံး၍ ဘေးထွက် ဆိုးကျိုး ရှိသည်ကို ပြည်သူများ အနေဖြင့် သတိပြု သင့်သည်။ ထို့ပြင် မိုးတွင်းကာလ ဈေးများ၌ ရွှံ့ဗွက်ထ နေချိန်တွင် လမ်းဘေး၌ ဟင်းသီးဟင်းရွက် သားငါး တို့ကို ချခင်း၍ ရောင်းချခြင်း မျိုးကို တွေ့ရသည်မှာ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ ကိုလည်း စဉ်းစားရန် လိုသည်။

မိုးတွင်း ကာလတွင် ပို၍ များပြားသည့် ခြင်အန္တရာယ် အတွက် လူအများ လက်တလောတွင် ဖြေရှင်းသည့် နည်းမှာ ခြင်ဆေးခွေ ထွန်းခြင်း ဖြစ်သည်။ ထို ခြင်ဆေးခွေ များသည် ခြင်ကို သေစေ၊ ပြေးစေ သကဲ့သို့ လူကို သေစေ၊ ကျန်းမာရေး ချို့တဲ့ စေသည်ကို လည်း ထည့်သွင်း စဉ်းစားရန် လိုသည်။

ယခုအခါ တရားမဝင် သည့် ပြည်ပမှ ခြင်ဆေးခွေ များကို သုံးစွဲသူများ ကျန်းမာရေး ချို့တဲ့မှု ဖြစ်ပွား နေသည့် သတင်းနှင့် ထို ခြင်ဆေးခွေ များကို တားဆီး ပိတ်ပင်သည့် သတင်းများ ကိုလည်း တွေ့ရသည်။

တစ်မျိုးသားလုံး၏ လူနေမှု အဆင့် မြင့်မားရေး နှင့် ကျန်းမာမှု ရှိရေးသည် ကျန်းမာရေး ဝန်ကြီးဌာန တစ်ခုတည်း၏ တာဝန်ချည်း မဟုတ်ပေ။ နိုင်ငံတော် အစိုးရ၏ တာဝန်ချည်း လည်း မဟုတ်ပေ။ လူထုအတွင်း အသိပညာ တိုးပွားပြီး အဆင့်တန်း ရှိရှိ နေထိုင် စားသောက် တတ်စေရန် အတွက် မီဒီယာများ၏ စွမ်းဆောင်ချက် လည်း လိုသည်။ အောက်ခြေ အဆင့်မှစ၍ အဆင့်ဆင့် တာဝန်ရှိလျှင် ရှိသလောက် စီမံခန့်ခွဲမှု ရှိလျှင် ရှိသလောက် စောင့်ကြည့် သတိပေး သွားရန် လိုသည်။

ထိုသို့ ဆောင်ရွက် ကြရာတွင် ဌာနဆိုင်ရာများ၊ ပြည်သူများ အနေဖြင့် ပေးအပ်သည့် တာဝန်၊ ခိုင်းသည့် အလုပ် ပြီးရုံဖြင့် တာဝန် ကျေပွန်ပြီ ဟူ၍ ဝတ္တရားကျေ ဆောင်ရွက်ခြင်း မျိုးမဟုတ်ဘဲ တစ်ဦးချင်းစီ အသိစိတ်ဖြင့် လိုအပ်ချက် များကို ဝိုင်းဝန်း ဖြည့်ဆည်း ဆောင်ရွက် မှသာ ပိုမိုအကျိုး ဖြစ်ထွန်းမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်း သာယာ၍ ဖွံ့ဖြိုး တိုးတက်ရေး၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး၊ တစ်မျိုးသားလုံး ပညာရည် မြင့်မားရေး စသည့် ရည်မှန်းချက်များ အတွက် အကောင် အထည် ဖော်ဆောင် ရာတွင် တာဝန်ကျေရုံ ဆောင်ရွက်၍ မရဘဲ အမျိုးသားရေး အမြင်ဖြင့်၊ တာဝန်သိ စိတ်ဖြင့် ကျရာနေရာမှ လိုအပ်သည့် အချက်တို့ကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်၍ အောင်မြင်မှုကို ရယူ သွားကြရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment