Pages

Thursday, August 14, 2014

ဂုဏ်ယူဖွယ် ရှေးဟောင်းမြို့ အမွေအနှစ်များ


ဂုဏ်ယူဖွယ် ရှေးဟောင်းမြို့ အမွေအနှစ်များ

မြန်မာ့ ရှေးဟောင်း အမွေအနှစ်များ အနက် ပျူခေတ် ရှေးဟောင်းမြို့ များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်း တို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်စေရေး ၂ဝ၁၃ ခုနှစ်က ယူနက်စကို သို့ စာရင်း တင်သွင်းခဲ့ရာ ယခုအခါ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရှေးဟောင်းမြို့များ အဖြစ် သတ်မှတ်ခဲ့ပြီ ဖြစ်သည်။

ဗိဿနိုး မြို့ဟောင်းသည် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့ အနောက်ဘက် ၁၂ မိုင် အကွာတွင် တည်ရှိသည်။ ရှေးရာဇဝင် တို့တွင် ပန်ထွာ မင်းသမီး၏ မြို့တော်အဖြစ် လည်းကောင်း၊ သရေခေတ္တရာ နောက်ဆုံးမင်း နှင့် ခေတ်ပြိုင် အဖြစ် လည်းကောင်း ဖော်ပြခဲ့သည်။ အေဒီ (၁)ရာစုမှ (၅)ရာစု အတွင်း ဖွံ့ဖြိုးခဲ့သော မြန်မာတို့၏ ရှေးဟောင်းမြို့ ဖြစ်သည်။

မြို့ တည်ဆောက် ရာတွင် မြို့အင်္ဂါရပ်နှင့် အညီ မြို့ရိုး၊ မြို့ကွက် နှင့်ကျုံးများ၊ မြို့ပြအသွင် သဏ္ဌာန် အဆောက်အအုံ အထောက်အထား များ တွေ့ရှိ ရသည်။ ရှေးဟောင်း သုတေသန ဌာနက ကုန်းအမှတ် များဖြင့် ရှာဖွေရာ အချို့ ကုန်းများတွင် မီးလောင်ကျွမ်း ထားသည့် လက္ခဏာများ အဖြစ် မီးသွေးလွှာ နှစ်ထပ် တွေ့ရှိ၍ နိုင်ငံတကာ ရက်စွဲ သတ်မှတ်ရေး အဖွဲ့သို့ ပေးပို့ စစ်ဆေးခဲ့ရာ ကာဗွန် သက်တမ်းကာလ နှစ်ပေါင်း ၁၉၅ဝ ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့ အရှေ့တောင်ဘက် ငါးမိုင် အကွာတွင် တည်ရှိသည်။ မှန်နန်း ရာဇဝင်၌ သရေ ခေတ္တရာမြို့ကို ဒွတ္တဘောင်မင်း က စတင် အုပ်ချုပ်ခဲ့ပြီး မင်းဆက် ၂၅ ဆက် စိုးစံခဲ့ကြောင်း ဖော်ပြ ထားသည်။ သာသနာနှစ် ၁ဝ၁ (ဘီစီ ၅ဝဝ) ခန့်က စတင်ပြီး သာသနာ နှစ် ၆၁၃ (အေဒီ ၁ဝဝ) ခန့်တွင် ပျက်စီး ခဲ့ကြောင်း ဖော်ပြထား၍ မင်း ၂၅ ဆက် နှစ်ပေါင်း ၅ဝဝ ထွန်းကား ခဲ့သောမြို့ အဖြစ် သိရသည်။

ဟန်လင်း မြို့ဟောင်းမှာ ရွှေဘိုမြို့ အရှေ့ဘက် ၁၁ မိုင်အကွာတွင် တည်ရှိသည်။ သရေ ခေတ္တရာ နှင့် ခေတ်ပြိုင် ပျူမြို့တော် ဖြစ်မည်ဟု ရှေးဟောင်း သုတေသန တူးဖော်ရေး ဌာနက ခန့်မှန်း ခဲ့သည်။ ယခုအခါ ထို ရှေးဟောင်း မြို့တော်များကို စနစ်တကျ ကာကွယ် ထိန်းသိမ်းလျက် ရှိသည်။

ထိုသို့ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ထင်ထင်ရှားရှား တည်ရှိနေသော ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်းမြို့ များသည် ယခုအခါ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်များ ဖြစ်လာကာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်၍ နိုင်ငံတကာမှ ခရီးသွားများ စိတ်ဝင်တစား လာရောက် ကြည့်ရှုမှုများ ရှိလာသည်။ ယဉ်ကျေးမှု အမွေအနှစ် ကို အခြေခံသည့် ခရီးသွား လုပ်ငန်းများ၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ၊ ဒေသထွက် လက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးလာ နိုင်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့် ဗိဿနိုး၊ သရေ ခေတ္တရာ၊ ဟန်လင်းမြို့ဟောင်း တို့သည် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် မှသည် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာသည့် အတွက် တစ်မျိုးသားလုံး ဂုဏ်ယူ ဝင့်ကြွားဖွယ် ဖြစ်သကဲ့သို့ ထိုအမွေ အနှစ်များ အရှည် တည်တံ့စေရန် တစ်မျိုးသားလုံးက ဝိုင်းဝန်း ထိန်းသိမ်း သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment