Pages

Thursday, August 7, 2014

မူးယစ်ဆေးဝါး အမြောက်အမြား နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


တာချီလိတ်မြို့နယ် ၊ လွယ်တော်ခမ်း အုပ်စု ဆိတ်ခြံ အခြေစိုက် တပ်စခန်းကုန်း အနီးတွင် 
အားဘီ နှင့် အားဖာ တို့အား ဖမ်းဆီးရမိ ဘိန်းဖြူ ဘလောက်တုံး ၄၀၄ တုံး ၊ လ
က်နက် ခဲယမ်း များနှင့်အတူ တွေ့ရစဉ်


နေပြည်တော် ၊ ၇-၈-၂၀၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် နှင့် မိုင်းဆတ် နယ်မြေအတွင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက် နိုင်ရန် အတွက် စီမံချက် ရေးဆွဲပြီး ဇူလိုင်လ ၁၄ ရက်မှ စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စီမံချက်အရ တာချီလိတ် အမှတ်(၃၀) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ၊ နယ်မြေခံ တပ်မတော်သား များ ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် ဇူလိုင်လ ၁၉ ရက်တွင် တာချီလိတ် မြို့နယ် ၊ မိုင်းယန်းအုပ်စု ပန်ကူ (အောက်) ကျေးရွာ အနီးတွင် မိုင်းဆတ်မှ တာချီလိတ် ဘက်သို့ ကျကွင်း ဆိုသူ မောင်းနှင်ပြီး ကျဘို နှင့် နန်းစံခမ်း တို့ လိုက်ပါ လာသည့် VIGO အမျိုးအစား မော်တော်ယာဉ် အား ရှာဖွေရာ ဘိန်းဖြူ ဘလောက်တုံး ၄၀ ၊ ပစ္စတို သေနတ် တစ်လက် ၊ ကျည်ကတ် ၂ ခုနှင့် ၄င်းကျည် ၁၄ တောင့် ၊ လက်ကိုင်ဖုန်း ၂ လုံး ၊ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၆ ဒသမ ၅ သိန်း တို့အား သိမ်းဆည်း ရမိခဲ့သည်။ 

ဆက်လက်ပြီး ကျကွင်း ဆိုသူ နေထိုင်ရာ တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ရှိ ၄င်း၏ နေအိမ်မှ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး နှင့် အမေရိကန် ဒေါ်လာ ၁၁၀၀၀ တို့အား ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ဇူလိုင်လ ၂၈ ရက်တွင် တာချီလိတ် မြို့နယ် ၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု ဆိတ်ခြံ အခြေစိုက် တပ်စခန်းကုန်း အနီးတွင် မိုင်းဆတ်ဘက် မှ တာချီလိတ် ဘက်သို့ အားဘီ ဆိုသူ မောင်းနှင်ပြီး အားဖာ လိုက်ပါ လာသည့် VIGO အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ဘလောက်တုံး ၄၀၄ တုံး ၊ M-22 သေနတ် ၂ လက် ၊ ၄င်းကျည် ၂၁၇ တောင့် ၊ ကျည်အိမ် ၈ ခု ၊ M-16 သေနတ် ၂ လက် ၊ ၄င်းကျည် ၂၅၆ တောင့် ၊ ကျည်အိမ် ၁၃ ခု ၊ ပစ္စတို ၂ လက် ၊ ၄င်းကျည် ၃၃ တောင့် ၊ ကျည်အိမ် ၃ ခု ၊ လက်ပစ်ဗုံး ၃ လုံး ၊ စကားပြောစက် ၃ လုံး ၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် ထိုင်းဘတ်ငွေ ၃၁၀၀၀ တို့အား သိမ်းဆည်း ရမိခဲ့သည်။

ဆက်စပ် ဖော်ထုတ် သတင်းများ အရ ပူးပေါင်း အဖွဲ့သည် ဇူလိုင်လ ၃၀ ရက်တွင် မိုင်းဆတ်မြို့နယ် ၊ မိုင်းတွမ်း ကျေးရွာအုပ်စု ၊ မအို့ကျေးရွာ ရှိ စုမ်မွန်း ဆိုသူ ပိုင်ဆိုင်သည့် ပြည့်စုံဝင်း သောက်ရေသန့် စက်ရုံအတွင်း ၀င်ရောက် ရှာဖွေရာ ပိုင်ရှင်မှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိပြီး ၄င်းခြံဝင်း ဂိုဒေါင် အတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အီသိုင်းအီသာ ဓာတုဆေးရည် ၄၁၁၆၄ ဒသမ ၀၃ လီတာအား ဂါလန် ၅၀ ၀င် ပလတ်စတစ် ပီပါ ၁၇၇ လုံးအတွင်း ထည့်လျက် တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

နယ်မြေခံ တပ်မတော်သား များသည် မိုင်းဆတ်မြို့နယ် ပူးနားကို ကျေးရွာအနီး တစ်ဝိုက် နယ်မြေ ရှင်းလင်းစဉ် သြဂုတ်လ ၁ ရက်တွင် ဟွေမီး(၁) ကျေးရွာအနီး ၌ မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာဟောင်း တစ်ခုအား တွေ့ရှိပြီး စိတ်ကြွရူးသွပ် ဆေးပြား ချက်လုပ်ရာတွင် အသုံးပြုသည့် ကဖင်း အမျိုးအစား ဓာတုဆေးမှုန့် ကီလို ၆၀ ၊ အရောင်တင် ဆေးမှုန့် ၁၉၇ ထုပ် ၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၂၀၀ ၊ စိတ်ကြွရူးသွပ် ဆေးပြား ရေတွက်သည့် ပုံစံခွက် ၅ ခု ၊ ဖောက်စက် တစ်လုံး၊ မီးစက် ၇ လုံး နှင့် ဆက်စပ် ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

သြဂုတ်လ ၃ ရက်တွင် နယ်မြေခံ တပ်မတော်သား များသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် အတွင်း နယ်မြေ ရှင်းလင်းစဉ် မြေအောက်တွင် ၀ှက်ထားသည့် စတီးပေါင်းအိုး ၃ လုံးအား လည်းကောင်း ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် မီးစက် အသေး ၂ လုံး ၊ စတီးပေါင်းအိုး တစ်လုံး ၊ ပီပါ ၇ လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။

စီမံချက် စတင်သည့် ဇူလိုင်လ ၁၄ ရက်မှ သြဂုတ်လ ၄ ရက်အထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး များမှာ ဘိန်းဖြူ ဘလောက်တုံး ၄၄၅ တုံး ( အလေးချိန် ၁၅၅ ဒသမ ၇၅ ကီလို ) ၊ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၅၁၆ ပြား ၊ အိုက်စ် သုည ဒသမ ၅၀၅ ကီလို ၊ ကဖင်း ကီလို ၆၀ ၊ အီသိုင်းအီသာ ဓာတုဆေးရည် ၄၁၁၆၄ ဒသမ ၀၃ လီတာ ၊ လက်နက်မျိုးစုံ ၇ လက် ၊ ခဲယမ်းမျိုးစုံ ၅၂၀ ၊ ကျည်အိမ် ၂၆ ခု ၊ လက်ပစ်ဗုံး ၃ လုံး ၊ ဆက်သွယ်ရေးစက် ၃ လုံး ၊ မူးယစ်ဆေးဝါး တန်ဖိုးငွေ ၂၉၈၇၁ ဒသမ ၂၁၂ သိန်း တို့ကို တရားခံ ၁၄ ဦးတို့နှင့်အတူ ဖော်ထုတ် အရေးယူ နိုင်ခဲ့သည်။

မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ နယ်မြေခံ တပ်မတော်သား များ ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် မူးယစ်ဆေးဝါး တပ်ဖွဲ့ဝင် တို့၏ ပူးပေါင်း ဆောင်ရွက်မှု ၊ ပြည်သူလူထု ၏ ပံ့ပိုး ကူညီမှု များကြောင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန မှ သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment