Pages

Wednesday, August 27, 2014

နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် ငါးနှစ်အထိ တိုးမြှင့်ရန် ယခုနှစ်အတွင်း အကောင်အထည် ဖော်မည်


ရန်ကုန် ၊ ၂၇-၈-၂၀၁၄

မြန်မာနိုင်ငံ၌ နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် ငါးနှစ်အထိ တိုးမြှင့်နိုင်ရန် ယခုနှစ်အတွင်း အကောင် အထည်ဖော်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံ ရန် လာရောက် ကြသော ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ၊ ခရီးသွား ဧည့်သည်များ စသည်တို့ အတွက် အမြဲတမ်း နေထိုင်ခွင့် တိုးမြှင့် လိုက်ခြင်းသည် များစွာ အကျိုးရှိမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အမြဲတမ်း နေထိုင်ခွင့် တိုးမြှင့်ပေးမည့် အစီအစဉ် ကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အငှားဈေးကွက် ပိုမိုဖြစ်ထွန်း လာနိုင်ကြောင်း၊ လက်ရှိ တွင်လည်း ရန်ကုန်နှင့် မန္တလေးမြို့ တို့၌ ပြည်ပ နိုင်ငံခြားသားများ ငှားရမ်း နေထိုင်မှု မြင့်တက် လာကြောင်း သိရသည်။

ပြည်ပ ခရီးသွားများ ပိုမို ဝင်ရောက် လာစေရေးနှင့် အဆင်ပြေစွာ တည်းခို နေထိုင်ရေး အတွက် မြန်မာနိုင်ငံ၌ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ ပြင်ဆင်မှု အပိုင်းများ လုပ်ဆောင်လျက် ရှိကြောင်း၊ စက်တင်ဘာလ တွင် e-Visa စနစ်ပါ ကျင့်သုံး လာမည် ဖြစ်သောကြောင့် ခရီးသွား ဝင်ရောက်မှုနှုန်း ပိုမို တိုးတက်များ ပြား လာနိုင်ကြောင်း၊ ထို့ပြင် အမြဲတမ်း နေထိုင်ခွင့် ငါးနှစ်အထိ တိုးမြှင့် ပေးမည် ဖြစ်သောကြောင့် ဝင်ရောက် လာသော ပြည်ပနိုင်ငံ ခြားသားများ အတွက် နေထိုင်မည့် အဆောက်အအုံ လိုအပ်ချက် ကိုလည်း ဖြည့်ဆည်းလျက် ရှိရာ ဟိုတယ်နှင့် တည်းခိုခန်း အရေအတွက် မှာလည်း သိသာစွာ တိုးတက် လာကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment