Pages

Friday, August 8, 2014

စည်းလုံး ညီညွတ်မှုဖြင့် အောင်မြင်မှုကို ရယူ


စည်းလုံး ညီညွတ်မှုဖြင့် အောင်မြင်မှုကို ရယူ

အာဆီယံသည် တစ်စတစ်စ ကြီးမား ကျယ်ပြန့် လာသည့် ဒေသဆိုင်ရာ အဖွဲ့အစည်း တစ်ခုအဖြစ် တိုးတက် ဖြစ်ပေါ်လျက် ရှိသည်။ အာဆီယံ အဖွဲ့ကြီး၏ (၄၇) နှစ်တာ ခရီးစဉ်ကို ပြန်လည် သုံးသပ် ကြည့်ပါက စည်းလုံး ညီညွတ် ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့သည် အာဆီယံ၏ အဓိက အခြေခံ ဖြစ်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် သာယာ ဝပြောရေး တို့အတွက် ထင်ရှားသည့် တိုးတက်ခြင်းများ အောင်မြင်စွာ ရရှိခဲ့သည်ကို တွေ့ရသည်။

ထို အစဉ်အလာ ရှိသည့် အာဆီယံ အဖွဲ့ကြီး၏ ၂ဝ၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက တာဝန်ယူ ထမ်းဆောင်လျက် ရှိပြီး အာဆီယံ၏ ဆောင်ပုဒ် ဖြစ်သည့် ''ရှေ့သို့ တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်း ဝေစည် အသိုက် အဝန်းဆီ '' နှင့်အညီ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်း၊ လူမှု ယဉ်ကျေးမှု အသိုက်အဝန်း များနှင့် တည်ဆောက် ထားသည့် အာဆီယံ အသိုက်အဝန်း ကို ကြိုးပမ်း တည်ဆောက်လျက် ရှိသည်။

နိုင်ငံရေး နှင့် လုံခြုံရေး အသိုက်အဝန်း အနေဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ကြွယ်ဝ ချမ်းသာရေး အတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှု၊ မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကူးစက်ရောဂါ တားဆီး ကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲခြင်း ကိစ္စများကို ဦးစားပေး ဆောင်ရွက်ကာ တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

၂ဝ၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင် နိုင်ရန်အတွက် ဒေသ တစ်ခုလုံးကို ဈေးကွက် တစ်ခု တည်းဖြင့် ထုတ်လုပ်မှု တစ်နေရာတည်း ဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိရာ အာဆီယံ၏ အဓိက ရည်ရွယ်ချက် ဖြစ်သည့် ဒေသတွင်း နိုင်ငံများ အကြား စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မျှတစေရေး နှင့် ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းရေး တို့အတွက် ထိရောက်သည့် အထောက်အကူ ဖြစ်လာမည် ဖြစ်သည်။

လူမှု ယဉ်ကျေးမှု အသိုက်အဝန်း တည်ဆောက်မှု တွင် သဘာဝ ဘေးဒဏ် စီမံခန့်ခွဲမှု၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးဆပ်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အမျိုးသမီး ကလေး သူငယ်များ နှင့် ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေး များကို ကာကွယ် မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက် မှုများ၊ ရောဂါ ကာကွယ် တားဆီးရေး နှင့် ပညာရေး မြှင့်တင်မှုများ ပူးပေါင်း ဆောင်ရွက်ခြင်း များမှ တစ်ဆင့် လူမှု ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ လမ်းပြ မြေပုံကို ချမှတ် အကောင် အထည်ဖော်လျက် ရှိသည်။

အာဆီယံ၏ မျှော်မှန်းချက် ကို ၂ဝ၁၅ ခုနှစ် နှစ်ကုန်တွင် ပြီးစီးရန် ရည်မှန်းချက်ထား ကြိုးပမ်း ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ကြိုးပမ်း ဖော်ဆောင်လျက် ရှိရာတွင် အာဆီယံ၏ အခြေခံ စိတ်ဓာတ် ဖြစ်သည့် ကွဲပြား ခြားနားမှု များမှတစ်ဆင့် စည်းလုံး ညီညွတ်ခြင်း ကို ဖော်ဆောင် နိုင်သည့် စိတ်ဓာတ်ဖြင့် အာဆီယံ ဒေသတွင်း နိုင်ငံများ တွဲလက် ညီညီဖြင့် အောင်မြင်စွာ ဖော်ဆောင် နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ အာဆီယံ အဖွဲ့တွင်း သာမက ကမ္ဘာ့ နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှု နှင့် အပြန်အလှန် နားလည်မှု တို့ကို မြှင့်တင် သွားကြပြီး အာဆီယံ အနေဖြင့် မတူ ကွဲပြားမှု ကြားမှ စိန်ခေါ်မှုများကို အာဆီယံ၏ စည်းလုံး ညီညွတ်မှု အင်အားဖြင့် ကျော်လွှား၍ အောင်မြင်မှု များကို ရယူ ပိုင်ဆိုင် သွားကြမည် ဖြစ်ပါကြောင်း (၄၇) နှစ်မြောက် အာဆီယံနေ့ ကို ဂုဏ်ပြု ရေးသား လိုက်ပါသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment