Pages

Sunday, August 3, 2014

ဖြူစင်စိတ်ထား အမှားရှောင်


ဖြူစင်စိတ်ထား အမှားရှောင်

ဗုဒ္ဓဘာသာတွင် မိမိတို့ ပြုသမျှသော ကောင်းမှု၊ မကောင်းမှု တို့ကို မိမိတို့၏ ကိုယ်စောင့်နတ် နှင့် လောကစောင့်နတ် တို့ သိသည်ဟု ဆိုသည်။ ထို့ကြောင့် မည်သည့် ကိစ္စမဆို ဆိတ်ကွယ်ရာ မရှိဟု မှတ်သားဖူးသည်။ မိမိတို့၏ ကောင်းသော အမှုကိစ္စ အတွက် ကောင်းသော မှတ်တမ်း ကျန်နေမည် ဖြစ်သကဲ့သို့ မကောင်းသော အမှုကိစ္စ အတွက် မကောင်းသော မှတ်တမ်း ကျန်နေမည်သာ ဖြစ်သည်။

စေတနာသည် ကံမည် သောကြောင့် ကောင်းသော စေတနာများ တည်ဆောက် ကြပြီး ကောင်းသော ကံများ တိုးပွားအောင် အားထုတ် သင့်သည်။ မကောင်းသော စေတနာများဖြင့် အားထုတ်မိလျှင် မကောင်းသော ကံများ တစ်နေ့မဟုတ် တစ်နေ့ အကျိုးပေးခွင့် ရလာကာ ကျူးလွန် မိသူသာ ဘေးဒုက္ခနှင့် ကြုံတွေ့ ရပေလိမ့်မည်။ မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိသကဲ့သို့ လူမှုရေး ဖောက်ပြန်မှု ဖြစ်လျှင် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်သည်။

ပြစ်မှုမြောက်သော ကျူးလွန်မှု ဖြစ်လျှင် ယခုဘဝတွင်ပင် ရာဇဝတ်ဘေး ပြေးမလွတ်ဆိုသကဲ့သို့ တစ်နေ့နေ့တွင် ရာဇဝတ် ပြစ်ဒဏ် ခံကြရမည် ဖြစ်သည်။ နောင်သံသရာ တွင်လည်း အပါယ်ငရဲ ဆင်းရဲဒုက္ခကို ခံစားရမည် ဖြစ်သည်။ စိတ်သည် အလုံးစုံသော အမှုကိစ္စ တို့၏ ရှေ့ပြေး ဖြစ်သည်။ စိတ်သည် အကြီးအမှူး ဖြစ်သည်။ အရာအားလုံးကို စိတ်က ဖန်တီး တတ်သည်။ မကောင်းသော စိတ်ဖြင့် ပြုလုပ်မိလျှင် ဆင်းရဲဒုက္ခ တို့ကို ခံစား ရတတ်သည်။

သာမန် ပုထုဇဉ် လူသားများ အနေဖြင့် ဆိတ်ငြိမ်ရာတွင် မကောင်းမှု တွန်းအားများ ပေါင်းဆုံမိ သောအခါ စိတ်ဖောက်ပြန် ပျက်ပြား တတ်ပြီး မကောင်းမှု ပြုတတ် သော်လည်း ဆိတ်ကွယ်ရာ သည် မရှိ၍ မကောင်းမှု ပြုသမျှ ဆင်းရဲဒုက္ခ ရရှိမည် ဖြစ်သည်ကို သတိပြုရန် လိုသည်။ ရာဇဝတ်ပြစ်မှု များတွင် ရာဇဝတ်ဘေး ပြေးမလွတ် ဆိုသည့်အတိုင်း တစ်နေ့တွင် ပြစ်ဒဏ် ကျခံရမည် ဖြစ်ပြီး ကိုယ်ကျင့်တရား ဖောက်ပြန် ပျက်ပြားမှု များမှာလည်း ထိုနည်းတူပင် ဆိုးကျိုးကို ပြန်လည် ခံစားရမည် ဖြစ်သည်။

ယနေ့ ကာလသည် နည်းပညာ ထွန်းကားနေသော ခေတ်ကာလ ဖြစ်ရာ နေရာတကာ လူတိုင်း နီးပါးတွင် အရုပ်အသံ ဖမ်းယူ နိုင်သော လက်ကိုင်ဖုန်းများ ရှိနေပြီကို သတိမူသင့်သည်။ မိမိတို့ မှားယွင်း မိသော ကိစ္စရပ်များကို အလွယ်တကူ ဖော်ထုတ် ဖြန့်ဝေနိုင်သော အခြေအနေ ဖြစ်၍ မည်သည့် ကိစ္စမဆို အရှက်တကွဲ အကျိုးနည်း မဖြစ်စေရန် ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို လူတိုင်း ထိန်းသိမ်း သင့်သည်။

အထူးသဖြင့် ငယ်ရွယ်သူ များနှင့် အမျိုးသမီးငယ်များ အနေဖြင့် ကိုယ်ကျင့်တရား နှင့်ဆိုင်သော မိမိတို့၏ အနေအထိုင် အပြုအမူများကို သတိမမူ မဆင်ခြင်မိ ပါက လက်ရှိ အခြေအနေတွင် ဆိတ်ကွယ်ရာ မရှိသဖြင့် အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်သည်ကို အထူး ဂရုပြု သင့်သည်။

သို့ဖြစ်ရာ တိုးတက်လာသော ဆက်သွယ်ရေး ကောင်းမွန် လာသည့် ယနေ့ကာလ တွင် နိုင်ငံတကာ မှ မြင်ကွင်းအစုံစုံ၊ ယဉ်ကျေးမှု အဖုံဖုံကို တွေ့မြင် ခံစားနိုင်ပြီး ကိုယ်ကျင့်တရား ပျက်ပြား စေသည့် အပြုအမူ၊ အလေ့အထ တို့ကို အတုယူမိ မှားတတ်၍ မိမိတို့ နှလုံးသား၌ ကောင်းမှုဖြင့် ထုံမွမ်းသော ရိုးရာ ယဉ်ကျေးမှုကို စောင့်ထိန်းသော ကိုယ်စိတ် နှလုံးသုံးပါးဖြင့် မကောင်းမှုရှောင် ကောင်းမှု ဆောင်၍ ဖြူစင်သော စိတ်ကိုထား၍ အမှားရှောင် နိုင်ရန် ကြိုးစား သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment