Pages

Saturday, July 19, 2014

မုဆိုးနှင့် တူသော သတင်းထောက်တို့ ဘဝ


မုဆိုးနှင့် တူသော သတင်းထောက်တို့ ဘဝ

အောင်ဝင်း (ဖျာပုံ)

သတင်းထောက် သည် လူလည် မဟုတ်ပါ။ အရာရာတွင် သာမန် လူတို့ထက် နှံ့စပ် ကျွမ်းကျင်သူသာ ဖြစ်ပါသည်။ ခေတ် ရေစီးကြောင်းကို မျက်ခြည်ပြတ် မခံဘဲ အကဲခတ် လေ့လာပြီး ရှေ့နောက် ဆင်ခြင် သုံးသပ် တတ်သူ တစ်ဦးသာ ဖြစ်သည်။

တစ်နည်း ဆိုရသော် သတင်းထောက် သည် မုဆိုးနှင့် တူသည်ဟု ဆိုရမည် ဖြစ်သည်။ အမဲလိုက်ရာတွင် မိမိ ရှာဖွေ ပစ်ခတ် ဖမ်းဆီးမည့် သားကောင်၏ စရိုက်၊ သားကောင် ပစ်ခတ်မည့် နေရာ၊ တောတောင် ရေမြေတို့၏ အနေအထား၊ ရာသီဥတု အခြေအနေ၊ ဝင်လမ်း ထွက်လမ်း၊ အန္တရာယ်နှင့် ကြုံတွေ့ပါက ဖြတ်ကျော် ရမည့် နည်းလမ်းတို့ကို ကြိုတင် စဉ်းစား ထားရှိရန် လိုအပ်သည်။ သတင်းထောက် တို့ သတင်းရေးသား ရာတွင် သတင်းတစ်ပုဒ် အင်္ဂါရပ်နှင့် ညီညွတ်ရမည့် ဘ ခြောက်လုံးနှင့် အလားတူ ဖြစ်သည်။ 

သတင်းထောက် တစ်ဦး၏ အလိုအပ်ဆုံး အရည်အချင်း တစ်ခုမှာ သူများ လုံအောင် ထိုင်နေတာကို ပေါ်အောင် ကြည့်တတ် မြင်တတ်ရန် လိုသည်။ စကားကြွယ် ရမည်။ လူပုဂ္ဂိုလ် အသင်းအဖွဲ့ တာဝန်ရှိ သူများ၊ အရာရှိ နှင့် အောက်ခြေ ဝန်ထမ်း တို့ကို အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံ ပြောဆို တတ်ရန်၊ ရေလာ မြောင်းပေး (အသားလို အရိုးတောင်းသည့်) စကားမျိုး ပြောတတ်ရန် အထူး လိုသည်။ ရဲစခန်း၊ တရားရုံး နှင့် ပတ်သက်သော သတင်းများ ရယူ ရေးသားရာ တို့တွင်လည်း ဥပဒေ ရေးရာများ နှံ့စပ် ကျွမ်းကျင်ရန် နှင့် မီဒီယာ ကျင့်ဝတ် စည်းကမ်း နှင့်အညီ အဖြစ်မှန် ပေါ်တွင် အခြေခံလျက် သမာသမတ် ကျကျ ရေးရန် လိုအပ်သည်။

မုဆိုးနှင့် တူသော သတင်းထောက် တို့သည် ခဲရာခဲဆစ် ရှာဖွေ ပစ်ခတ် ဖမ်းဆီးလာသော သားကောင် သို့မဟုတ် သတင်း တစ်ပုဒ်ကို စားကောင်း သောက်ဖွယ် (ဖတ်ချင့်စဖွယ်) ဖြစ်အောင် စီမံ (ချက်ပြုတ်) ပေးသောအယ်ဒီတာ တို့ထံ အချိန်မီ ပေးပို့ ရပါသည်။ အယ်ဒီတာ တို့ကလည်း နေ့စဉ် ဝယ်ယူ စားသုံး (ဖတ်ရှု) နေသည့် ပြည်သူတို့၏ အကြိုက်ကို အခြေအနေ အချိန်အခါ ရာသီဥတု (အပူ၊အအေး) တို့ကို ကြည့်လျက် မီဒီယာ ကျင့်ဝတ် စည်းကမ်း များနှင့်အညီ စီမံ ဆောင်ရွက် ပေးနေ ရသည်။ 

အယ်ဒီတာ တို့၏ စီမံ ဆောင်ရွက်မှု သည် မုဆိုးနှင့် တူသော သတင်းထောက် တစ်ဦးက ခဲရာခဲဆစ် ရှာဖွေ ဖမ်းဆီး လာသည့် သားကောင် (သတင်းတစ်ပုဒ်) သည် စားကောင်း သောက်ဖွယ် ဖြစ်ချင်မှ ဖြစ်တော့မည်။ မကြာခဏ အယ်ဒီတာ နှင့် သတင်းထောက် တို့ ကွဲလွဲမှု ဖြစ်ပေါ်သည့် အခါ မီဒီယာ လောက အတွက် ကောင်းသတင်း ဖြစ်မလာနိုင် တော့ပါ။

ထိုသို့ ဖြစ်ပေါ် မလာရန် သတင်းထောက် တို့သည် အယ်ဒီတာ တို့၏ လုပ်ငန်းကို သိထား တတ်ထား သဘောပေါက် ထားရန် လိုအပ်သည်။ ခေတ်ကာလ အခြေအနေ (အပူ၊ အအေး) စသည်တို့ကို သုံးသပ် တတ်ရန် သတင်းထောက် တို့ အထူး လိုအပ်သည်။ ကိုယ်ရေးသည့် သတင်းနှင့် ဆောင်းပါးသည် မိမိနယ်မြေ ဒေသအတွက် အဓိကကျ လှသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ နှင့်ကြည့်၍ ထုတ်ဝေ ရမည့် စာနယ်ဇင်းအတွက် နိုင်ငံနှင့် အများ ပြည်သူ အကျိုးပြုမည့် သတင်းနှင့် သတင်း ဆောင်းပါးကို ဦးစားပေး ဖော်ပြ ရတာမျိုးလည်း ရှိမည် ဖြစ်သည်။ ပွင့်လင်း မြင်သာသည့် လက်ရှိ ခေတ်တွင် မှန်ကန် တိကျသည့် သတင်းထူးကို သတင်းဦး အဖြစ် ပို့ပေးရန်သာ လိုပါသည်။

ခြုံ၍ ဆိုရသော် ဟင်းစား ရှာဖွေ ပေးရသော သတင်းထောက်၊ စားချင့်စဖွယ် ဖြစ်အောင် စီမံချက်ပြုတ် ပေးရသော အယ်ဒီတာ၊ စားသုံးသူ (စာဖတ်သူ) လက်ဝယ် အရောက် ဖြန့်ချိ ပေးရသည့် ထုတ်ဝေသူ တို့ ဟန်ချက်ညီမှ သာလျှင် မီဒီယာ လောက အတိုင်းအတာ တစ်ခုအထိ တိုးတက် လာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပါသည်။ ။

#Themyawadydaily

No comments:

Post a Comment