Pages

Wednesday, July 2, 2014

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပေး


သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပေး

သစ်တော သစ်ပင်သည် သဘာဝ ပတ်ဝန်းကျင် ကို စိမ်းလန်း စိုပြည်စေပြီး လူတို့၏ ကိုယ်ခန္ဓာနှင့် စိတ်ကိုလည်း အေးမြ ကြည်နူး လန်းဆန်း စေသည်။ ထို့ကြောင့် မြန်မာလူမျိုး တို့သည် သစ်တော သစ်ပင်ကို ချစ်မြတ်နိုးသူ၊ သဘာဝ ရေမြေ တောတောင်ကို ချစ်မြတ်နိုး သူများ ဖြစ်ကြသည်။

'' သစ်ပင်စိုက်ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ ''ဟူသော ဆိုစကားအရ ယခု ရာသီအချိန် ကာလသည် သစ်ပင်စိုက်ရန် အကောင်းဆုံး သော အချိန် ဖြစ်သည်။ ထို့ကြောင့် သစ်ပင်ကို ချစ်မြတ်နိုး သူတိုင်း သစ်ပင် စိုက်ပျိုး ပေးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည် သာယာ လှပရေးကို ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။

လူသားတို့ အတွက် သစ်ပင်သည် စားသုံးရန် သီးနှံ ရရှိခြင်း၊ အသုံးအဆောင် ပစ္စည်း ရရှိခြင်း၊ အရိပ် ရရှိခြင်း၊ ဆေးဖက် ဝင်ခြင်း၊ စိတ်ကြည်နူး လန်းဆန်း စေခြင်း၊ ကျန်းမာရေး နှင့် ညီညွတ်ခြင်း စသည့် အကျိုး ကျေးဇူးများ ကို ရရှိစေသည်။ ထို့ပြင် ကျေးငှက် တို့သည် သစ်ပင်ကို မှီခို အားထားနေ ကြရသဖြင့် သစ်တော၊ သစ်ပင်သည် ငှက်မျိုးစိတ် များကို ထိန်းသိမ်း ကာကွယ် ပေးလျက် ရှိသည်။

လူသားအားလုံး အသက်ရှင် ရပ်တည် နေနိုင်ရေး အတွက် သဘာဝ ပတ်ဝန်းကျင်ရှိ ရေ၊ မြေ၊ သစ်တော၊ သစ်ပင်၊ သားငှက် တိရစ္ဆာန် တို့ကို စီးပွားရေး အရ လည်းကောင်း၊ စားဝတ်နေရေး အရ လည်းကောင်း သဘာဝ သယံဇာတ များကို ထုတ်ယူ သုံးစွဲ နေကြ ရသည်။ လူဦးရေ တိုးတက် များပြား လာသည့် အလျောက် ထုတ်ယူ သုံးစွဲမှု များပြားလာရာ သစ်တော၊ သစ်ပင်များ မပြုန်းတီးရေး အတွက် စိုက်ခင်းများ ပြန်လည် ပြုစု ပျိုးထောင်ခြင်း၊ မိုးရာသီ သစ်ပင် စိုက်ပျိုး ပွဲတော်များ ကျင်းပ ပေးခြင်း တို့ဖြင့် သစ်တောများ အစဉ် ဖွံ့ဖြိုးရန် ထိန်းသိမ်း ပေးလျက် ရှိကြသည်။

ကျေးလက် ဒေသများတွင် တစ်အိမ်ထောင်လျှင် ကျွန်းသုံးပင်၊ ယူကလစ် အပင် ၂ဝ နှင့် တစ်ရွာ တစ်ဧက ထင်းစိုက်ခင်းများ စိုက်ပျိုး ကြရသည်။ သစ်တော ဦးစီးဌာန အနေဖြင့်လည်း ကျွန်း၊ ယူကလစ်၊ မဲဇလီ၊ ပန်းအလှပင်နှင့် တမာပင် တို့ကို ပျိုးထောင် ပေးပြီး စီးပွားဖြစ် စိုက်ခင်းအဖြစ် ကျွန်း၊ ပျဉ်းကတိုး နှင့် ပိတောက် တို့ကို ပျိုးထောင် ပေးသည်။

လူတိုင်း လူတိုင်း အနေဖြင့် သစ်ပင်၏ တန်ဖိုး ကြီးမား သောကြောင့် အလေးထား ထိန်းသိမ်းကြ ရမည်။ သစ်တစ်ပင် ဖြစ်ရန် အချိန် ကာလယူပြီး ပြုစု ကြရသည်။ အပင် ဖြစ်လာသည့် အခါတွင်လည်း အပင်၏ အသီး၊ အပွင့်၊ အရွက်တို့ ခူးဆွတ်၍ မိမိတို့လိုရာ အမျိုးမျိုး အသုံးပြု ကြရသည်။ ထို့ပြင် အရိပ်အာဝါသ ၌လည်း နားခို ကြရသည်။

သို့ဖြစ်ရာ လူတို့အတွက်၊ ကျေးငှက် တိရစ္ဆာန်တို့ အတွက် အဘက်ဘက်မှ အကျိုးပြု လျက်ရှိ သည့် သစ်ပင်များကို တန်ဖိုးထား ကြပြီး မိုးရာသီ ရောက်တိုင်း သစ်ပင်များကို စိုက်ပျိုး ပေးခြင်း၊ စိုက်ပျိုး ပြီးသော သစ်ပင်များ ကိုလည်း ရှင်သန် ကြီးထွား စေရေးအတွက် ဝိုင်းဝန်း ပြုစု စောင့်ရှောက် ပေးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး နှင့် ရာသီဥတု ဖောက်ပြန်မှု ကို ကာကွယ် ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment