Pages

Tuesday, July 29, 2014

အမျိုးသမီးငယ်လေး များ၏ အနာဂတ်ဘဝ


အမျိုးသမီးငယ်လေး များ၏ အနာဂတ်ဘဝ

ကမ္ဘာ့ လူဦးရေ သန်းခုနစ်ထောင်ကျော် ရှိသည့်အနက် အများစုမှာ အမျိုးသမီးငယ် လေးများ ဖြစ်သည်။ အမျိုးသမီး ငယ်လေး များသည် ၄င်းတို့၏ ကျွမ်းကျင်မှု အတတ်ပညာ နှင့် အခွင့်အရေးကို အသုံးပြုပြီး မိမိကိုယ်တိုင် အတွက်သော် လည်းကောင်း၊ မိမိတို့၏ မိသားစုနှင့် လူ့ဘောင် အသိုက်အဝန်း အတွက်သော် လည်းကောင်း ဖွံ့ဖြိုးရန် ရင်းနှီးမြှုပ်နှံ ကြသူများ ဖြစ်သည်။

မြန်မာနိုင်ငံ တွင်လည်း လူဦးရေသန်း ၆ဝ ခန့်ရှိရာ ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ် ဦးရေသည် ၂ ဒသမ ၉ သန်းခန့် ရှိသည်။ အမျိုးသမီးငယ် လေးများ အိမ်ထောင်ပြု စောခြင်းသည် ၄င်းတို့၏ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း များကို လျော့ပါးစေခြင်း၊ ၄င်းတို့၏ ဘဝကို ရေရှည် ထိခိုက်စေသည် သာမက ၄င်းတို့က မွေးဖွားလာမည့် ရင်သွေးငယ် များ၏ ဘဝ အရည်အသွေး ကိုလည်း ထိခိုက်စေခြင်း၊ ကလေးများစွာ ယူခြင်းထက် ကလေး နည်းနည်းနှင့် လူမှုဘဝ သာယာရေးကို ရွေးချယ်ခြင်း စသည်ဖြင့် အပြည်ပြည် ဆိုင်ရာ လူဦးရေနှင့် ဖွံ့ဖြိုးမှု ညီလာခံမှ ဖော်ပြချက် အရ သိရသည်။

ထို့ပြင် တစ်နှစ်အောက် နှင့် ငါးနှစ်အောက် ကလေး သေဆုံးမှု၊ ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှုနှုန်း လျှော့ချနိုင်ရန် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ထောင်စုနှစ် ရည်မှန်းချက် များတွင် ပါဝင်သည့် မျိုးဆက်ပွား ကျန်းမာရေး နှင့် ဆက်နွှယ်သော ရည်မှန်းချက် များကို ၂ဝ၁၅ ခုနှစ်တွင် ပြီးမြောက် အောင်မြင် စေရန် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ မဟာဗျူဟာ (၅) နှစ်တာ စီမံကိန်းကို ရေးဆွဲ ထုတ်ပြန်ခဲ့ပြီး ဖြစ်ရာ လက်တွေ့ အကောင် အထည်ဖော်လျက် ရှိသည်။

မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး စစ်တမ်းများ အရ လူငယ်လူရွယ် များနှင့် မျိုးဆက်ပွား နိုင်သည့် အရွယ်ရှိသူ အများစုသည် အန္တရာယ် မကင်းသော အမူအကျင့်များ ရှိနိုင်ပြီး မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ခြင်း၊ လုံခြုံစိတ်ချမှု မရှိသည့် ကိုယ်ဝန် ဖျက်ချခြင်းကြောင့် မသေသင့်ဘဲ သေဆုံးခြင်း၊ နာတာရှည် မသန်မစွမ်း ဖြစ်ခြင်းတို့ မဖြစ်ရန် ကြိုတင် ကာကွယ်မှုများ ပိုမိုလိုအပ် လာပြီဖြစ်သည်။

ထို့ကြောင့် လူငယ်ထု အတွင်း သက်တူရွယ်တူ အချင်းချင်း သတင်း အချက်အလက် ဖြန့်ဖြူး ပေးခြင်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် ရမည်ဖြစ်ပြီး မျိုးဆက်ပွား ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ ကိုလည်း တိုးမြှင့် ဆောင်ရွက် ပေးရမည် ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ လူငယ်လူရွယ်များ အထူးသဖြင့် အမျိုးသမီး ငယ်လေးများ သည် အနာဂတ် ဘဝ သာယာ လှပရေးအတွက် ပညာရှာ ရမည့် အရွယ်တွင် ပညာများကို လေ့လာ သင်ယူကြရပြီး အလုပ်လုပ်ကိုင် ကြရမည့် အရွယ်တွင် မိမိ လုပ်ကိုင်သော အလုပ်အပေါ် စိတ်ပါဝင်စားစွာ လုပ်ကိုင် ကြကာ ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိ ရှိရှိဖြင့် နေထိုင်ကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment