Pages

Thursday, July 31, 2014

မိုးရာသီနှင့် မြက်ပုစွန်


မိုးရာသီနှင့် မြက်ပုစွန်

ဇာညီသစ္စာ

မိုးရာသီသို့ ရောက်ရှိ လာသည်နှင့် မြစ်ဝကျွန်းပေါ် ပင်လယ် ကမ်းခြေ ဒေသများတွင် မြက်ပုစွန် များကို ပေါများစွာ ဖမ်းဆီး ရမိလေ့ ရှိရာ ယခုအခါ ဧရာဝတီတိုင်း ဒေသကြီး ၊ ဘိုကလေး မြို့နယ် ပင်လယ်ကမ်းခြေ ဒေသ ၊ လိပ်သောင် ရေကျော် ၊ ပိုက်စီးတန်း ၊ ကျွဲဖြူ ၊ သောင်သာ ၊ ပဒဲကော စသည့် ကျေးရွာများ နှင့် ပတ်ဝန်းကျင် ဒေသများတွင် ပေါများစွာ ဖမ်းဆီးရရှိ နေပြီး ဈေးကွက် သွက်လက်လှုပ်ရှား နေကြောင်း ကျွဲဖြူကျေးရွာတွင် နေထိုင်သည့် ကျားလုံးပိုက် လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်ဝင်း က ပြောသည်။

မြက်ပုစွန်ကို ဈေးကွက်တွင် ဘော့ချိတ် ဟုလည်း ခေါ်သည်။ ပြည်တွင်း၊ ပြည်ပဈေး ကွက်ရှိနေသော ပုစွန်များ ဖြစ်သည်။ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသများတွင် မိုးရာသီ ရောက်လာ သည်နှင့် လယ်ကွက်များ၊ ဗွက်အိုင်များ တွင် တင်ကျန် နေရစ်သည့် ပုစွန်ဥများမှာ အကောင်ပေါက် လာကြ သဖြင့် အဆိုပါ မြက်ပုစွန် များကို ပင်လယ် ရေလုပ်ငန်းများ သာမက မြစ်ထဲ၊ ချောင်းထဲ၊ ဗွက်အိုင် များထဲမှာပင် ပေါများစွာ ဖမ်းယူရမိ နေခြင်း ဖြစ်ကြောင်း သိရသည်။

မြက်ပုစွန်သည် ပုစွန်ချဉ် ပြုလုပ်သည့် ပုစွန် အမျိုးအစား ဖြစ်သည်။ အခွံပါးပြီး အသားထူသည်။ အရောင်လှပြီး အချိုဓာတ် များသဖြင့် ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက် ရာတွင်ဖြစ်စေ၊ ပုစွန်ခြောက် ပြုလုပ်ရာတွင် ဖြစ်စေ အသုံးပြုသော ပုစွန်များ ဖြစ်သည်။ 

ထို့ကြောင့် မြက်ပုစွန်များမှာ ပုစွန်ခြောက်၊ ဟင်းစားပုစွန် အဖြစ် သာမကဘဲ ပုစွန်ချဉ် အဖြစ်ပါ ပြုလုပ် နိုင်သဖြင့် ဈေးကွက် အတွင်း အစဉ်အမြဲ သက်ဝင် လှုပ်ရှားမှု ရှိနေသည့် ပုစွန်များ ဖြစ်သည်။ ကမ်းနီး ပင်လယ်ပြင် နှင့်
မြစ်ကမ်းခြေ များတွင် မိုးရာသီ ရေလုပ်ငန်းများ မှ ဖမ်းယူရရှိ နေသကဲ့သို့ ချောင်းတွင်း၊ လယ်ကွင်း နှင့် ဗွက်အိုင်များတွင် ဂေါ်ထိုးခြင်း၊ ကွန်ပစ်ခြင်း၊ အိုင်ပက်ခြင်း စသည့် ရေလုပ်ငန်းများ အပြင် ဇောင်းလှေ လုပ်ငန်း များမှလည်း ဖမ်းယူရမိ နေသည်။ လက်ရှိ ဒေသတွင်း ဈေးကွက်များ တွင် မြက်ပုစွန် တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝ မှ ၂ဝဝဝ အထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။

အဆိုပါ မြက်ပုစွန် များကို ဒေသတွင်း ကုန်သည်များ နှင့် ပုစွန် အဝယ်ဒိုင် များက ဝယ်ယူ ကြသည်။ မြို့ဈေးကွက် များတွင် မြက်ပုစွန် တစ်ပိဿာလျှင် ငွေကျပ် ၂၂ဝဝ မှ ၃ဝဝဝ အထိ ပေါက်ဈေး ရှိသည်ဟု ဆိုသည်။ ကုန်သည်များက ပုစွန်ခြောက် (ကျပ်တိုက်ခြောက်) ပြုလုပ်၍ ရောင်းချ ကြသည်။ ဒေသတွင်း ဈေးကွက်များတွင် မြက်ပုစွန် ကျပ်တိုက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၄ဝဝဝ မှ ၁၈ဝဝဝ အထိပေါက် ဈေးရှိပြီး ရန်ကုန်မြို့ ဈေးကွက်များတွင် တစ်ပိဿာလျှင် ငွေကျပ် ၂၂ဝဝဝ မှ ၂၅ဝဝဝ အထိ ပေါက်ဈေး ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် မိုးရာသီ အတွင်း အဆိုပါ ဒေသများ၌ ကျပ်ဖို လုပ်ငန်းများ၊ ကျပ်ဖို အလုပ်သမားများ၊ ပုစွန် အဝယ်ဒိုင်များ၊ လက်ငယ် ကုန်သည်များ နှင့် ပင်လယ်ရေ လုပ်ငန်းငယ် များမှာ အလုပ်မပြတ် လုပ်ကိုင် နေကြရကြောင်း သိရသည်။ 

#Themyawadydaily

No comments:

Post a Comment