Pages

Thursday, July 17, 2014

ဆရာဟူသည်


ဆရာဟူသည်

မြန်မာ့လူ့ဘောင် အဖွဲ့အစည်း အတွင်း မျိုးဆက်သစ်များ ရှင်သန် ဖွံ့ဖြိုးရေး အတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ကို အခြေခံပြီး မွန်မြတ်သည့် ပြုစု ပျိုးထောင်မှု လုပ်ငန်းများကို ထမ်းဆောင်နေ သည့် ဆရာ၊ ဆရာမ များသည် အနန္တော အနန္တ ငါးပါးဂိုဏ်းဝင် ပုဂ္ဂိုလ်များ ဖြစ်သည်။

အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာမည့် မျိုးဆက်သစ် များကို ပြုစု ပျိုးထောင် ပေးနေရသည့် ဆရာ၊ ဆရာမ များသည် ဘဝ၏ ဗိသုကာ များလည်း ဖြစ်သည်။ ဘဝလမ်းခရီး သာယာ ဖြောင့်ဖြူးစွာ လျှောက်လှမ်း နိုင်ရန်၊ ဘက်စုံ တတ်မြောက်ရန် ပညာ တစ်ခုတည်း သာမက စိတ်ဓာတ်ပိုင်း ဆိုင်ရာများ၊ စည်းကမ်းပိုင်း ဆိုင်ရာများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် စသည့် မြင့်မြတ်သော စိတ်ဓာတ် ပိုင်းဆိုင်ရာ များကိုလည်း နည်းလမ်းပြ သွန်သင် ဆုံးမပေး ကြသည်။

ပန်းပဲဆရာ တစ်ဦး၏ အတတ် ပညာဖြင့် ထုလုပ် ပေးမှုကြောင့် လှပသော ဓား၊ လှံ လက်နက် ဖြစ်လာရပြီး ကျောက်ဆစ် ဆရာ တစ်ယောက်၏ ထုဆစ် ပေးမှုကြောင့် ကျောက်ဆစ် ရုပ်တုများ ဖြစ်လာ ရသည်။ အလားတူ ဆရာကောင်း တို့၏ သင်ကြား ပြသမှု၊ ဆုံးမမှု တို့ကြောင့် လူကောင်း လူတော် လေးများ ပေါ်ထွန်း လာကြရမည် ဖြစ်သည်။ အိုးထိန်းသမား အိုးထိန်းသည် သည် အိုးကို ကွဲစေအောင် မခတ်၊ လှပ ကောင်းမွန် စေရန်သာ ခတ်သည်။ ဆရာသည် တပည့်များကို ဘေးဒုက္ခ ရောက်အောင် မသွန်သင်၊ အသိပညာ၊ အတတ်ပညာ၊ အလိမ္မာ၊ အစီးအပွား ရစေရန် အလို့ငှာ သွန်သင် ဆုံးမပေး ကြသည်။

မြန်မာနိုင်ငံတွင် ရင်သွေးငယ် များသည် အသက် ငါးနှစ်အရွယ်မှ စပြီး ပညာရည် နို့သောက်ကြ ရသည်။ အခြေခံ ပညာ လေ့လာသင်ယူမှုကို စတင်ကြ ရသည်။ ကလေးတို့သည် ကျောင်းနေ အရွယ်မှ စ၍ ဆရာ၊ ဆရာမ တို့နှင့်သာ နီးနီးစပ်စပ် ထိတွေ့ နေရ သောကြောင့် ပညာရေးက အစ ယဉ်ကျေး လိမ္မာမှု ရှိရေး တို့သည် ဆရာ၊ ဆရာမ များ၏ အပေါ်တွင်သာ မူတည် နေသည်။

''အတတ်လည်း သင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ''ဟု ဖော်ညွှန်း ထားသကဲ့သို့ ''ရှေးရှု မေတ္တာ ကရုဏာဖြင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းတွင်မသို ဟုတ်တိုင်း ဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့'' ဟု မန်လည် ဆရာတော်ကြီး ၏ အဆုံးအမ များသည် ထင်ရှားသော ဆရာကောင်း လမ်းညွှန်များ ဖြစ်သည်။

သို့ဖြစ်ရာ ဆရာ၊ ဆရာမ များသည် ကျောင်းသား လူငယ်များ အပေါ် စိတ်ဓာတ် ရေးရာ အခြေခံ ကောင်းများ ပေါ်တွင် ပူးပေါင်း ဆောင်ရွက် တတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ သစ္စာရှိမှု မွန်မြတ်သော အရည်အသွေး ကောင်းများ ပြည့်စုံရေးကို တည်ဆောက် ပေးကြ သကဲ့သို့ လက်ဆင့်ကမ်း ထိန်းသိမ်း လာခဲ့သည့် ရိုးရာဓလေ့ ထုံးတမ်းများ၊ ဘာသာရေး အဆုံးအမများ၊ လူမှုရေး နီတိများကို အခြေခံပြီး တစ်ဦးချင်း စည်းကမ်း လိုက်နာ တတ်မှုမှ အစ နိုင်ငံတော် ဥပဒေများကို လေးစား လိုက်နာမှု အကျင့်ကောင်း များကို ထုဆစ်ပုံဖော် ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment