Pages

Monday, July 21, 2014

အစာအာဟာရ အတွက် ဆေးနှင့်ဘေး ကြိုတင်မျှော်တွေး


အစာအာဟာရ အတွက် ဆေးနှင့်ဘေး ကြိုတင်မျှော်တွေး

ပြည်သူများ နေ့စဉ် စားသုံးသော အစားအစာ များတွင် ကျန်းမာရေး အတွက် အန္တရာယ် ဖြစ်သော ဓာတ်သတ္တုများ ပါဝင်မှု ရှိမရှိကို အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေး ဌာနမှ တာဝန်ရှိ သူများ၊ ရပ်ကွက်/ ကျေးရွာ နှင့် ဈေးများမှ တာဝန်ရှိ သူများသည် အစားအသောက် ရောင်းချသည့် နေရာများသို့ သွားရောက် စစ်ဆေးလျက် ရှိသည်။

သုတေသီ များ၏ လေ့လာ တွေ့ရှိချက် အရ အစားအစာနှင့် ဆေးဝါးများတွင် ပါဝင်သော အာဆင်းနစ် သည် စားသုံးသူ များ၏ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေကြောင်း သိရသည်။ အာဆင်းနစ်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၄ဝဝ ကျော်မှ စတင်၍ ဆေးဝါးအဖြစ် အသုံးပြု ခဲ့ကြရာ တရုတ် နိုင်ငံတွင် တိုင်းရင်းဆေး အဖြစ် အသုံးပြု ခဲ့ကြသည်။ အနောက် နိုင်ငံများတွင် အာဆင်းနစ် ဓာတ်ပေါင်းကို ပင်နီဆလင် ဆေးဝါးနှင့် ဆာလ်ဖာ ဆေးဝါး မပေါ်မီက ဆစ်ဖလစ် ကာလသား ရောဂါ ကုသရာတွင် အသုံးပြု ခဲ့ကြပြီး ပဋိဇီဝ ဆေးဝါးအဖြစ် လည်း အသုံးပြု ခဲ့ကြသည်။ အားတိုးဆေး များနှင့် အခြား ဆေးဝါးများ ဖော်စပ်ရာတွင် အာဆင်းနစ် ထည့်သွင်း ဖော်စပ် ကြသည်။ အသားအရေ လှပစေရန် နှင့် အရေပြား မတွန့်စေရန် ဆေးဝါးများတွင် အာဆင်းနစ် ထည့်သွင်း ဖော်စပ် ခဲ့ကြသော်လည်း အာဆင်းနစ်ကို သွေးကြောများက စုပ်ယူ တတ်ကြောင်း တွေ့ရှိရ သဖြင့် သုံးစွဲမှု ရပ်တန့် ခဲ့ကြသည်။

အာဆင်းနစ် အသုံးပြု ထုတ်လုပ်သော ပစ္စည်းများမှာ သင်္ဘောဆေး၊ သုတ်ဆေး၊ အရောင် ဆိုးဆေး၊ ပိုးမွှားသတ်ဆေး၊ ဆေးဝါး၊ ဆပ်ပြာ နှင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေး စသည်တို့ ပါဝင်သဖြင့် အဆိုပါ ဆေးများ ကိုင်တွယ် အသုံးပြုရာတွင် အန္တရာယ် မရှိစေရန် သတိပြု ကြရမည် ဖြစ်သည်။ အာဆင်းနစ်သည် အစားအသောက် မှတစ်ဆင့် လူတို့၏ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေ နိုင်သဖြင့် အရောင် ဆိုးထားသော အသားငါးနှင့် အခြား စားသောက်ဖွယ်ရာ တို့ကို ရှောင်ကြဉ် ကြရပေမည်။ စီးပွားဖြစ် ကြက်မွေးမြူရေး လုပ်ငန်း များတွင် ကြက်အလေးချိန် တိုးဆေး နှင့် အရေပြား အရောင်လှ စေရန် သုံးသော ဆေးများတွင် အာဆင်းနစ် ပါဝင်သည်။ သစ်များ ကြာရှည် ခံစေရန် အာဆင်းနစ်ကို ပိုးသတ်ဆေး အဖြစ် အသုံးပြုကြ ခြင်းကြောင့် သစ်အချောထည် လုပ်ငန်း လုပ်ကိုင်သူများ အတွက်လည်း ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင် သဖြင့် စနစ်တကျ ကိုင်တွယ်ကြရန် လိုအပ်ကြောင်း ကျွမ်းကျင်သူ များက အကြံပြု ထားကြသည်။

လယ်ယာ ဥယျာဉ် စိုက်ပျိုးရေး လုပ်ငန်း၊ သီးနှံ စိုက်ပျိုးရေး လုပ်ငန်းနှင့် အဝတ်လျှော်သည့် လုပ်ငန်း လုပ်ကိုင်သူ များအတွက် အာဆင်းနစ် အန္တရာယ် ရှိသကဲ့သို့ အစားအသောက် မှတစ်ဆင့် အာဆင်းနစ် အန္တရာယ်ရှိ သည်ကို သတိပြု ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စပါး အပါအဝင် စိုက်ပျိုးရေး သီးနှံများ စိုက်ပျိုးကြရာ တွင် သဘာဝ လွန်သော ဓာတ်မြေသြဇာ များကို အလွန်အကျွံ သုံးစွဲ စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေး အမျိုးမျိုး တို့ကို နှုန်းထား မြင့်စွာဖြင့် ကြိမ်ဖန်များစွာ အသုံးပြု စိုက်ပျိုးကြခြင်း ကြောင့် ဓာတ်ကြွင်း အာနိသင် မြင့်မားသော သီးနှံများ စားသုံး နေကြရသည်။

သို့ဖြစ်၍ နေ့စဉ် စားသုံးနေသော အာဟာရ အတွက် ဆေးဖြစ်သော အစားအစာနှင့် ဘေးဖြစ် စေသော အစားအစာ တို့ကို ကြိုတင် မျှော်တွေး၍ ကျန်းမာရေး နှင့် ညီညွတ်သော အော်ဂဲနစ် စိုက်ပျိုးရေး စနစ်ကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment